ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်မှုအပေါ် မကျေနပ်လို့ မလှိုင်မှာ လူ ၃၀၀ လောက် ဆန္ဒပြ


2016.01.15
mahlaing-protest-620.jpg ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတာကို မကျေနပ်တဲ့ ကျေးရွာ ၁၅ ရွာက ရွာသားတွေစုပေါင်းပြီး မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့မှာ ဇန်နဝါရီလ ၁၅ ရက်နေ့က ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်မှာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်းရာမှာ ဥပဒေနဲ့မညီလို့ဆိုပြီး ကျေးရွာ ၁၅ ရွာက ရွာခံ ၃၀၀ လောက် စုပေါင်းပြီး ဒီကနေ့ မလှိုင်မြို့မှာ ဆန္ဒပြ ကန့်ကွက်ကြပါတယ်။

အုပ်ချုပ်ရေးမှူးရွေးချယ်ဖို့အတွက် ကြီးကြပ်ရေးအဖွဲ့တွေ ဆယ်အိမ်စုမှူးတွေ ရွေးချယ်ရာမှာ ရွာခံတွေရဲ့သဘော တူညီချက်မပါဘဲ လက်ရှိရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတွေကိုသာ ရွေးချယ်နေတဲ့အတွက် ကန့်ကွက် တာဖြစ်တယ်လို့ မလှိုင်မြို့နယ် ရွာတန်းရှည်ကျေးရွာက ဦးကြည်တိုးက ပြောပါတယ်။

"အခုဆယ်အိမ်ခေါင်း ရွေးချယ်တာတောင် သူတို့က မမှန်မကန်နဲ့ လူကြီးပီပီ ဂုဏ်သရေရှိစွာ မလုပ်တဲ့ အတွက် နောက်ရွေးချယ်တဲ့ ဥက္ကဌအလုပ်မှာဆိုရင် ဒီ့ထက်ပိုညစ်လာမှာပါ၊ သူတို့နဲ့ပဲ ပြီးမယ့်လူတွေပဲ လုပ်နေမယ်ဆိုရင် ကျနော်တို့ရွာက မတိုးတက်နိုင်ပါဘူး"

ဆန္ဒပြသူတွေဟာ ကြီးကြပ်ရေးအဖွဲ့တွေကို အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့နဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ဆယ်အိမ်မှူး ရွေးချယ်နေမှုတွေကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မလှိုင်မြို့နယ်မှာ ကျေးရွာအုပ်စု ၅၆ အုပ်စုရှိပြီး အုပ်စု ၂၀ လောက်မှာ အလားတူ ပြဿနာတွေ ရှိနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးဥပဒေအရ အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်ဖို့အတွက် ကြီးကြပ်ပေးရမယ့်အဖွဲ့ကို ရပ်ရွာက လေးစားကြည်ညိုသူတွေနဲ့ ဖွဲ့စည်းရမယ်လို့ ပြဌာန်းထားပါတယ်။ အဲဒီအဖွဲ့က ဆယ်အိမ်စုမှူးတွေ ကို ပြန်လည်ရွေးချယ်ပြီး ဆယ်အိမ်စုမှူးတွေကမှ လျှို့ဝှက်မဲပေးစနစ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်ပေး ရမှာဖြစ်ပါတယ်။

တချို့ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရာ ဒေသခံတွေကို မေးမြန်းတာမရှိဘဲ လက်ရှိရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကပဲ သူတို့နဲ့နီးစပ်သူတွေကိုသာ ရွေးချယ်ခန့်အပ်တဲ့အတွက် ပြဿနာတွေ ရှိနေတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။