ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေကြမ်း ပြည်သူ့လွှတ်တော်မှာ တင်သွင်း
2015.12.30

ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းကို လွှတ်တော်သက်တမ်းနဲ့အညီမဟုတ်ဘဲ နိုင်ငံတော်သမ္မတ ရဲ့သက်တမ်းအတိုင်းထားရှိဖို့ ပြင်ဆင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပါတယ်။
လတ်တလောမှာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေကို အလျင်အမြန် ဆောင်ရွက်နေရတဲ့အတွက် မတည်မငြိမ် မှုတွေ၊ ဝေဖန်မှုတွေ မရှိစေဖို့နဲ့ လာမယ့်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ရွေးချယ်သင့်တာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကို ပြင်ဆင်ပြီး တင်သွင်းတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးတီခွန်မြတ် က ပြောပါတယ်။
"ပြည်ထဲရေးဦးစီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်တာဝန်ပေးအပ်နိုင်ရန် ရွေးချယ်ပွဲများ အလောသုံးဆယ်ဆောင်ရွက်ရခြင်းကြောင့် တချို့ရပ်ကွက်နဲ့ ကျေးရွာအုပ်စုများတွင် မတည်မငြိမ်မှုများ၊ ဝေဖန်ပြောကြားစရာများ ဖြစ်ပေါ်မှုမရှိစေရန်အတွက် ၎င်း၊ ဒေသခံပြည်သူများက မိမိတို့၏ အရေးအရာကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်ပေးမည့် အုပ်ချုပ်ရေး မှူး ရွေးချယ်တာဝန်ပေးအပ်နိုင်ရေးအတွက် လုံလောက်သောအချိန်ကာလ ရရှိစေရန်အတွက်၎င်း၊ အသစ်တာဝန် ယူမည့် ပြန်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ကြီးကြပ်လမ်းညွှန်မှုများကို ဥပဒေနဲ့အညီ ဆောင်ရွက်စေရန် အတွက်၎င်း၊ ရပ်ကွက် သို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းရခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါသည်"
ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ပြဌာန်းခဲ့တာဖြစ်ပြီး ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့သက်တမ်းဟာ လွှတ်တော်သက်တမ်းနဲ့အညီ သတ်မှတ်ထားတဲ့အတွက် လာမယ့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ဒီရက်ပိုင်းအတွင်း တစ်ချို့မြို့နယ်တွေမှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနတို့က ဦးဆောင်ကျင်းပနေတာဖြစ်ပါတယ်။