ရပ်ကျေးဥပဒေကို အမျိုးသား လွှတ်တော်မှာ အတည်ပြု
2016.10.06

ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်နဲ့ ပြန်ပို့လာတဲ့ ရပ်ကွက်သို့မဟုတ် ကျေးအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တပိုဒ်ချင်းအလိုက် ဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်က ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ပညာအရည်အချင်း သတ်မှတ်ထားပြီး အမျိုးသားလွှတ်တော်မှာ အရွေးခံမယ့်သူရဲ့ ပညာအရည်အချင်းကို မသတ်မှတ်ဖို့ ဆုံးဖြတ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီ ဥက္ကဌ ဦးဇော်မင်းက အခုလိုရှင်းပြပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးတာတောင် ပညာအရည်အချင်းမပါဘူး၊ အဲဒီတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးလောက်တော့ ပညာအရည်အချင်း မထည့်သင့်ပါဘူးဆိုတဲ့ အတွေးကို ရသွားတယ်၊ ရတော့ ဒါကို အတည်ပြုလိုက်တယ်၊ သို့သော် ပြည်သူက ဒါကို ပြန်ပယ်ဖျက်တယ်ဆိုတော့ ဒီမှာ ပြန်ပြင်တယ်"
ပြည်သူ့လွှတ်တော်က ရပ်ကျေးအုပ်ချုပ်ရေးတစ်ဦးဟာ သင့်တင့်သော ပညာအရည်အချင်းဆိုပြီး သတ်မှတ် ထားပေမယ့် လွှတ်တော်ကိုယ်စားလှယ် အဆင့်တောင် ပညာအရည်အချင်း သတ်မှတ်ထားတာ မရှိတဲ့အတွက် အမျိုးသားလွှတ်တော်က ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
လွှတ်တော် ၂ ရပ်လုံးက ဧည့်စာရင်းတိုင်ရမယ့်အချက်ကို ပယ်ဖျက်ဖို့ သဘောတူပေမယ့် ဒေသတခုမှာ တစ်လ သို့မဟုတ် တစ်လထက် ကျော်လွန်နေထိုင်ရင် သက်ဆိုင်ရာကို အကြောင်းကြားရမယ်ဆိုတာကိုတော့ သဘောထားတူညီကြပါတယ်။
အခုတတိယအကြိမ်ပြင်ဆင်တဲ့ ရပ်ကျေးဥပဒေကြမ်းဟာ လွှတ်တော် ၂ ရပ်ကြား ဧည့်စာရင်းကိစ္စ သဘောထားကွဲ လို့ ငါးလအထိ ကြာမြင့်သွားတာဖြစ်တယ်လို့ ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးဇော်မင်းက ပြောပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကြား သဘောထားကွဲတဲ့ အချက် ၁ဝ ချက်ကို ပြည်ထောင်စုလွှတ်တော် မှာ တပိုဒ်ချင်း မဲခွဲဆုံးဖြတ်အတည်ပြုမှာဖြစ်ပါတယ်။