မကွေးတိုင်း ဝန်ကြီး ချုပ်ဟောင်း ပေးရမယ့် ရန်ပုံငွေကျပ် ၁ ဘီလီယံနီးပါး ကျန်နေသေး
2017.07.13

ဇူလိုင်လကုန်နောက်ဆုံးထားပြီး လက်ရှိမကွေးတိုင်းအစိုးရကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်ငွေ ၃ ဘီလီ ယံကျော် ပြန်လည်ပေးသွင်းဖို့ ကတိပြုထားတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေဟာ လက်ရှိအချိန်မှာ ကျပ် ဝ.၉၇ ဘီလီယံ ပေးအပ်ဖို့ ကျန်နေသေးတယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူဝန်ကြီး ဦးနေမျိုးကျော် က ပြောပါတယ်။
ပြန်လည်ပေးသွင်းရမယ့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကို အရစ်ကျ ပေးသွင်းနေတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ဟာ ဇူလိုင်လ ၇ရက်နေ့က ၇ ကြိမ်မြောက် ပေးသွင်းခဲ့ပြီး ဒီနေ့အထိ ၂.၃ ဘီလီယံပေးသွင်းပြီးပြီလို့ မကွေးတိုင်းဒေ သကြီးအစိုးရအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူဝန်ကြီး ဦးနေမျိုးကျော် က ပြောပါတယ်။
"ဦးဘုန်းမော်ရွှေ ယခင်ဝန်ကြီးချုပ်ဟောင်းက ပေးရမယ်လို့ ပြန်ကြားလွှာမှာ ဖော်ပြထားတဲ့ ၃.၂၅ ဘီလီယံ နဲ့ ပတ်သက်လို့ အခုပြန်လည်ပေးလာတာဟာ စုစုပေါင်း ၇ ကြိမ်မှာ ၂.၃ ဘီလီယံကျော် ပြီးခဲ့တဲ့ ၇ ရက် ၇လ ၂၀၁၇ ရက်နေ့မှာပဲ သူရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဦးကြည်ထွန်းက မြန်မာ့စီးပွားရေးဘဏ်မှာ အစိုးရ ,ရငွေ စာရင်းမှာ လာပြီးပေးပြီး ဖြစ်ပါတယ်။ဒါကြောင့်မို့ ၂.၃ ဘီလီယံပေးပြီးဖြစ်တဲ့အတွက် ဝ.၉၇ ဘီလီယံပဲ ထပ်ပြီးပေးသွားဖို့ ကျန်တဲ့အတွက် ဇူလိုင်လနောက်ဆုံးပတ်မှာ သူတို့ကတိကဝတ်တိုင်းပဲ လာပေးမယ်လို့ အစိုးရက ယုံကြည်မျှော်လင့်ပါတယ်"
အရင် မကွေးတိုင်းအစိုးရလက်ထက်က ရေနံလက်ယက်တွင်းလုပ်ငန်းတွေကနေ ကောက်ခံရရှိထားတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေက ၇ ဘီလီယံကျော်ဟာ လက်ရှိအစိုးရသစ်ကို လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါ တယ်။
အဲဒီငွေကျပ် ၇ ဘီလီယံကျော်ထဲမှာ ငွေကျပ် ၄ ဘီလီယံကျော်ကိုတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ တယ်လို့ သိရပြီး ၃ ဘီလီယံကျော်ကိုတော့ ဝန်ကြီးချုပ်ဟောင်းဦးဘုန်းမော်ရွှေက ကြံ့ခိုင်ဖွံံဖြိုးရေးပါတီကို လှူဒါန်း ခဲ့တဲ့ငွေ ကျပ် ၁.၇ ဘီလီယံ နဲ့ ရွှေသုခ ချေးငွေလုပ်ငန်းကို လွှဲပေးထားတဲ့ ၁.၅၇ ဘီလီယံ စုစုပေါင်း ၃ဘီလီယံကျော် အသုံးပြုထားတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစားငွေရေးကြေးရေး အသင်း ဥက္ကဌ ဦးကြည်ထွန်းတို့က ဒီငွေကျပ် ၃ ဘီလီယံကျော်ကို လက်ရှိ မကွေးတိုင်းအစိုးရသစ် လက်ထဲ ဒီနှစ် ဇူလိုင်လကုန်မှာ အပြီး ပြန်လည်ပေးအပ်ဖို့ ပြည်ထောင်စုအစိုးရက ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က အကြောင်းကြားခဲ့တာဖြစ်ပါတယ်။