မကွေးတိုင်း ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၈ ရာ ပြန်ရထားပြီ


2017.05.05
dr-aungmoenyo-620.jpg မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကို တွေ့ရစဉ်
Photo: RFA

အရင် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစားငွေချေးလုပ်ငန်းက ပြန်ပေးဖို့ ကတိပြုထားတဲ့ မကွေးတိုင်းအစိုးရ ဖွံ့ဖြိုးရေးရန်ပုံငွေတွေထဲက ကျပ်သန်းပေါင်း ၈ ရာ ပြန်လည်ရရှိထားပြီလို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောလိုက်ပါတယ်။

မကွေးတိုင်းအစိုးရ ဘဏ်ငွေစာရင်းထဲကို မေလ ၄ ရက်နေ့မှာ သန်းပေါင်း ၃ ရာ၊ မေလ ၅ ရက်နေ့မှာ သန်းပေါင်း ၅ ရာ ပေးသွင်းခဲ့တာလို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

အရင် မကွေးတိုင်းအစိုးရလက်ထက် ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေဆီက ကောက်ခံထားတဲ့ ရန်ပုံငွေတွေ ထဲကနေ အစိုးရသစ်ကို လွဲပြောင်းမပေးဘဲ ငွေချေးလုပ်ငန်းမှာ အသုံးပြုထားတယ်လို့ စစ်ဆေးပေါ်ပေါက်ချက်အရ ဒီငွေတွေကိုပြန်ပေးဖို့ ပြည်ထောင်စုအစိုးရက ဧပြီလ ၈ ရက်နေ့က အကြောင်းကြားထားတာပါ။

စစ်ဆေးပေါ်ပေါက်ချက်အရ ကောက်ခံရရှိငွေ သန်း ၇ ထောင်ကျော်ထဲ ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ရောက်ရှိငွေ ကျပ်သန်း ၁ ထောင့် ၇ ရာ၊ ရွှေသုခငွေချေးလုပ်ငန်းကို ရောက်ရှိငွေ သန်း ၁ ထောင့် ၅ ရာ၊ စုစုပေါင်း ကျပ်သန်း ၃ ထောင့် ၂ ရာကို ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ ငွေချေးလုပ်ငန်း ဥက္ကဌ ဦးကြည်ထွန်းတို့ က ပြန်ပေးရမှာ ဖြစ်ပါတယ်။

ဒီငွေတွေအပြင် ကျန်တဲ့ဖွံ့ဖြိုးမှုရန်ပုံငွေ ကျပ်သန်းပေါင်း ၄ ထောင်ကို ဘယ်လုပ်ငန်းတွေမှာ သုံးစွဲခဲ့သလဲဆိုတာကို တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဌာနက တဆင့် မေးမြန်းထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။