မကွေးဝန်ကြီးချုပ်ဟောင်း ကျပ်သန်း ၅၀၀ ပြန်ပေး
2017.06.14

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက လက်ရှိတိုင်းအစိုးရကို ပြန်လည် ပေးသွင်းဖို့ ကတိပြုထားတဲ့ ဒေသဖွံဖြိုးရေးရန်ပုံငွေတွေထဲက ကျပ်သန်း ၅၀၀ ကို မကွေးတိုင်း အစိုးရဘဏ်စာရင်းထဲ ဒီနေ့ လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။
ဦးဘုန်းမော်ရွှေက ဒီနေ့အထိ ကျပ်သန်းပေါင်း ၁၈၀၀ ပေးအပ်ပြီးသွားပြီလို့ လက်ရှိ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူဝန်ကြီး ဦးနေမျိုးကျော် က ပြောပါတယ်။
"ဒီနေ့ပဲပေါ့နော် မကွေးတိုင်းဒေသကြီးရဲ့ ရငွေစာရင်းမှာ မြန်မာ့စီးပွားရေးဘဏ်မှာ လာပြီးတော့မှ အရင်ဝန်ကြီး ချုပ်ဟောင်း ဦးဘုန်းမော်ရွှေရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတဲ့ ရွှေသုခ အသေးစား ငွေရေးကြေးရေး အသင်းက ဦးကြည်ထွန်းက နောက်ထပ် ကျပ်သန်းငါးရာ ထပ်လာပြီးတော့မှ ပြန်လည်ပေးဆပ်လာတာ ရှိပါတယ်၊ ဒါကြောင့်မို့လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အရင်ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ က ရေနံလက်ယက် တွင်း တိမ်လုပ်ငန်းရှင်တွေက ရထားတဲ့ငွေတွေကို ကျနော်တို့ အစိုးရသစ်ကို ပြန်လွဲမပေးခဲ့လို့ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်ဟာ သူတို့ပြန်စာအရပေးရမယ့် ငွေပမာဏအရဆိုရင် ဒီနေ့အချိန်ထိ ကျပ်သန်းပေါင်း ၁၈၀၀ ခန့် ကျနော်တို့အစိုးရရဲ့ ရငွေစာရင်းမှာ ကျနော်တို့ရနေပါပြီ"
အရင် မကွေးတိုင်းအစိုးရ လက်ထက်က ရေနံလက်ယက်တွင်း လုပ်ငန်းတွေကနေ ကောက်ခံထားတဲ့ ရန်ပုံငွေတွေထဲက အစိုးရသစ်ကို လွဲပြောင်းမပေးဘဲ မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေထဲကနေ ကြံ့ခိုင်ဖွံံဖြိုးရေးပါတီကို လှူဒါန်းခဲ့တဲ့ ငွေ ကျပ် ၁.၇ ဘီလီယံ နဲ့ ရွှေသုခ ချေးငွေလုပ်ငန်းကို လွှဲပေးထားတဲ့ ၁.၅၇ ဘီလီယံ စုစုပေါင်း ကျပ်ငွေ ၃ ဘီလီယံကျော်ကို ဦးဘုန်းမော်ရွှေက ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်။
ဦးဘုန်းမော်ရွှေက လက်ရှိ မကွေးတိုင်းအစိုးရကို ပေးအပ်ဖို့ ကတိပြုထားတဲ့ ကျပ်ငွေ ၃ ဘီလီယံကျော်မှာ ကျပ်ငွေ ၁.၈ ဘီလီယံ ပေးအပ်ပြီးဖြစ်လို့ ကျပ်ငွေ ၁.၄၇ ဘီလီယံသာ ပေးအပ်ဖို့ ကျန်ရှိတော့တာဖြစ်ပြီး ကတိပြုထားတဲ့ အတိုင်း ဇူလိုင်လကုန်မှာ အပြီးပေးအပ်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီးဦးနေမျိုးကျော် ကပြော ပါတယ်။
မကွေးတိုင်းဒေသကြီးမှာရှိတဲ့ ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေက အရင်တိုင်းဒေသကြီးအစိုးရကို ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ထည့်ဝင်ခဲ့တဲ့ ငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော်ဟာ အစိုးရသစ်ကို လွှဲပြောင်းပေး ခဲ့ခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ကျပ်ငွေ ၇ ဘီလီယံကျော်ထဲက ၃ ဘီလီယံကျော်ကို ငွေချေးလုပ်ငန်းမှာအသုံးပြုထားတယ်လို့ စစ်ဆေးပေါ်ပေါက်ချက်အရ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစားငွေရေးကြေးရေးအသင်း ဥက္ကဌ ဦးကြည်ထွန်း တို့က ဒီငွေတွေကို တိုင်းအစိုးရသစ်လက်ထဲ ပြန်လည်ပေးအပ်ဖို့ ပြည်ထောင်စုအစိုးရက ဧပြီလ ၈ ရက်နေ့က အကြောင်းကြားခဲ့တာဖြစ်ပါတယ်