ဆောမြို့နယ်မှာ လက်နက်ကြီးကြောင့် နှစ်ဦး သေဆုံးပြီး ဆရာတော်တစ်ပါးနဲ့ ဒေသခံ တစ်ဦးဒဏ်ရာရ

RFA Burmese
2023.11.27
ဆောမြို့နယ်မှာ လက်နက်ကြီးကြောင့် နှစ်ဦး သေဆုံးပြီး ဆရာတော်တစ်ပါးနဲ့ ဒေသခံ တစ်ဦးဒဏ်ရာရ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်တဲ့အတွက် ထိခိုက်ပျက်စီးခဲ့သည့် ပန်းဆန်ဘုန်းကြီးကျောင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Yaw Land

မကွေးတိုင်း၊ ဆောမြို့နယ် ပန်းဆန်ရွာထဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ညမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ဆရာတော်တစ်ပါးနဲ့ ဒေသခံ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

ပန်းဆန်ရွာခံ အသက် (၃၅) နှစ်အရွယ် ကိုစည်သူကျော်နဲ့ အသက် (၄၈) နှစ်အရွယ် ကိုသိန်းကျော်ကတော့ လက်နက်ကြီးကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့သလို ရွာဘုန်းကြီးကျောင်းရဲ့ လက်ထောက်ကျောင်းထိုင် ဆရာတော်ဦးစရဏနဲ့ အသက် (၆၂) နှစ်အရွယ် ဦးမောင်လှတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ကျောက်ထုမြို့အခြေစိုက် စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့ရာမှာ တစ်လုံးက ယောချောင်းထဲကိုကျခဲ့ပြီး နောက်တစ်လုံးက ဘုန်းကြီးကျောင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ညတုန်းက ကျောက်ထုမြို့နဲ့ နှစ်မိုင်ခွဲလောက်ပဲဝေးတဲ့ ပန်းဆန်ရွာကို ၁၂၀ မမ လက်နက်ကြီးနဲ့ ထုတာ၊ ပန်းဆန် ဘုန်းကြီးကျောင်းပေါ်ကိုကျတာ၊ ကျကွဲတော့ ကျောင်းမှာရှိနေတဲ့ အမျိုးသား သုံးယောက်မှာ နှစ်ယောက်က ပွဲချင်းပြီး သေတယ်၊ နောက် ဆရာတော်နဲ့ အသက် (၆၀) ကျော် ဦးကြီးတစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရတယ်"

ဆရာတော်ကတော့ ခြေထောက်၊ ပေါင်နဲ့ ဝမ်းဗိုက်တွေမှာ မစိုးရိမ်ရ ဒဏ်ရာရခဲ့ပေမယ့် ခေါင်းကိုထိမှန်ခဲ့တဲ့ ဦးမောင်လှကတော့ ဆေးဝါးကုသမှု ခံယူပေမယ့်လည်း စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီကလည်း မြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ မင်းကြည့်ရွာကို ကျောက်ထုမြို့ အခြေစိုက် အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာကြောင့် နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။