တပ်ပေါင်းစုဖွဲ့ဖို့ တော်လှန်ရေး ရှစ်ဖွဲ့ တိုက်တွန်း
2023.03.28

ခိုင်မာတဲ့ တပ်ပေါင်းစု တစ်ခုဖြစ်လာဖို့ တော်လှန်ရေး အင်အားစုတွေ စုပေါင်းဖွဲ့စည်းကြဖို့ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှစ်ဖွဲ့က မတ်လ ၂၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA (မကွေး) တည်ထောင်တဲ့ နှစ်နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ထည့်သွင်း တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA မကွေး၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံး တပ်တော်၊ အရှိုချင်း ကာကွယ်ရေးတပ်၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးအင်အားစု အနောက်ပိုင်းဒေသနဲ့ ချင်းကာကွယ်ရေးတပ် (အရှို) စတဲ့ အဖွဲ့ ရှစ်ဖွဲ့ တောင်းဆိုလိုက်တာပါ။
အဖွဲ့တွေအားလုံး နိုင်ငံရေး ဘုံသဘောတူညီချက်တွေ တူညီသွားမယ်ဆိုရင်တော့ အခက်အခဲဖြစ်နေတဲ့ လက်နက်တပ်ဆင်မှု အပိုင်းတွေပါ အဆင်ပြေသွားမယ်လို့ အဲဒီအဖွဲ့ ရှစ်ဖွဲ့မှာ ပါဝင်တဲ့ ကျောင်းသားလက်ရုံးတပ်တော် SAF ဗဟိုကော်မတီဝင် မင်းလတ်ဥက္ကာ က ပြောပါတယ်။

စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ဖို့ လူမျိုးစုတစ်ခုချင်းစီနဲ့ အစုအဖွဲ့တစ်ခုစီ သီးခြားတော်လှန်နေမယ်ဆိုရင် အောင်ပွဲရဖို့ ဝေးနေဦးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။