ဆင်ဖြူကျွန်းမှာ မုန်တိုင်းကြောင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံး

RFA Burmese
1923.05.15
ဆင်ဖြူကျွန်းမှာ မုန်တိုင်းကြောင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံး ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်အပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်။
Shwe Htet Gyi

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်မှာ တစ်မြို့လုံးနီးပါး ရေလွှမ်းခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ ဒေသခံလေးဦးထဲက တစ်ဦးကို သေဆုံးလျှက်ပြန်တွေ့ပြီး တစ်ဦးကတော့ ရှာလို့မရသေးဘူးလို့ အကူအညီပေးရေးအဖွဲ့တွေက RFA ကိုပြောပါတယ်။

ပြန့်လွင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် မနှင်းနှင်းနှောင်းနဲ့ ၂ နှစ်အရွယ် သားဖြစ်သူတစ်ဦး၊ သုံးပင်တောင်ရပ်ကွက်က အသက် ၄၀ အရွယ် ဒေါ်ယမင်းစိုးနဲ့ သူရဲ့ မိခင်ဖြစ်သူ အသက် ၇၀ အရွယ် ဒေါ်အေးသန်းတို့ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

အဲဒီလေးဦးထဲက သားဖြစ်သူနဲ့ မနှင်းနှင်းနှောင်းတို့ကို အသက်ရှင်လျှက်ပြန်တွေ့ခဲ့ပေမဲ့ အသက် ၇ဝ အရွယ် ဒေါ်အေးသန်းကိုတော့ သေဆုံးလျှက်ပြန်တွေ့ရပြီး၊ ဒေါ်ယမင်းစိုးကတော့ အခုထိပျောက်ဆုံးနေဆဲပဲလို့ အကူအညီပေးနေသူတွေက RFA ကို ဒီနေ့ပြောပါတယ်။

မေလ ၁၄ ရက် မနေ့ညပိုင်းက စလင်းချောင်းရေ မြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်က ကျေးရွာ ၂ဝ ကျော် အပါအဝင် မြို့ပေါ်ထိ ရေလွှမ်းခဲ့တာဖြစ်ပါတယ်။ နေရာတချို့မှာ လူတစ်ရပ်လောက်အထိ ရေလွှမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်နဲ့ ပြည်စိုးကုန်းရပ်ကွက်ဘက်ကို သွားချိန်မှာ ရေတွေမတရားတိုးလာတော့ သူ့မှာကလေးလည်းပါတော့ ဆိုင်ကယ်တစ်ယောက်ကို တွန်းခိုင်းဖို့ လမ်းဘေးမှာထားခဲ့ရင်းက ရေစီးနဲ့မျောပါသွားတာ၊ မတ်တပ်ရပ် ကလေးချီပြီးတော့ကို ပါသွားတာ၊ ညောင်ပင်ရှိတဲ့ နဂါးရုံဘုရားနားရောက်မှာ အပေါ်ကို ကုပ်တက်ရင်း ရေနည်းနည်းကျသွားတော့ မျက်စောင်းထိုးအိမ်က လှမ်းခေါ်ထားတာ" လို့ အသက်မသေဘဲ ပြန်လွတ်လာတဲ့ မနှင်းနှင်းနှောင်းတို့ သားအမိရဲ့ ဖြစ်ရပ်ကို ဖခင်ဖြစ်သူ ဦးအောင်ကြီးက ပြောပြပါတယ်။

သေဆုံးသူ ဒေါ်အေးသန်းတို့ ရပ်ကွက်နေသူတစ်ဦးက " မနေ့ညက သားအမိမျောသွားတာ၊ ဒေါ်အေးသန်းကတော့ ဒီမနက်အလောင်းပြန်တွေ့ပြီ၊ သမီးဖြစ်သူက မတွေ့သေးဘူး။ သတင်းလည်းမကြားသေးဘူး" လို့ပြောပါတယ်။

တစ်မြို့လုံး ရေလွှမ်းခဲ့တဲ့ ဆင်ဖြူကျွန်းမြို့မှာ ရပ်ကွက်တွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်နေကြပြီး ဒေသခံတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေပါတယ်။ အရင်ကလည်း ဆင်ဖြူကျွန်းမှာ ချောင်းရေတက်တဲ့ အတွေ့အကြုံရှိပေမဲ့ ဒီတစ်ခေါက် မိုခါမုန်တိုင်းကြောင့် ရေတက်လာတာ အဆိုးဆုံးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ မိုခါမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူစုစုပေါင်း ၁၁ ဦးအထိ ရှိပြီး၊ အခုသေဆုံးသွားတဲ့ ဆင်ဖြူကျွန်းဒေသခံ တစ်ဦးနဲ့ ပေါင်းရင် ၁၂ ဦးအထိ ရှိလာနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။