မကွေးတိုင်းအတွင်းက အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေပိတ်ဖို့ မရှိ
2017.09.28
မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပွင့်ဖြူ၊ စလေနဲ့ ပခုက္ကူမြို့တွေက အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေကို ပိတ်သိမ်းသွားဖို့ ရှိ၊ မရှိနဲ့ပတ်သက်ပြီး ဒီနေ့တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ရေနံချောင်း မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှက မေးမြန်းခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်က နိုင်ငံပိုင်စက်ရုံတွေကို ဖက်စပ်လုပ်ကိုင်နေပြီး လတ်တလောပိတ်သိမ်းသွားဖို့ မရှိကြောင်း ဖြေကြားခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှက ပြောပါတယ်။
"ကျနော်တို့ မေးတဲ့မေးခွန်းပေါ်မှာ အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်ပြီး နောက် ထပ်မေးခွန်းတွေ ဘာတွေ ပေါ်လာမလားဆိုတဲ့ စိုးရိမ်စိတ်လည်းရှိတယ် ထင်တယ်ခင်ဗျ။ သူတို့ကတော့ လက်ရှိကတော့ ဒီ ၅ ရုံမှာ ၄ ရုံကတော့ ဖက်စပ်လုပ်ကိုင်ပြီးတော့ လောလောဆယ် ပိတ်သိမ်းဖို့မရှိဘူး။ ဆက်လက်လည်ပတ်နေတဲ့ သဘောမျိုးပဲ ကျနော့်ကို ဖြေတယ်ခင်ဗျ"
အဲဒီ ၅ ရုံထဲက မလွန်စိုက်ပျိုးရေးသုံး ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံကလွဲပြီး ကျန်တဲ့ ၄ ရုံကို ဖက်စပ်ဆောင် ရွက်နေကြောင်းနဲ့ ဘယ်ကုမ္ပဏီတွေနဲ့ ဖက်စပ်ဆောင်ရွက်နေတယ် ဆိုတာကိုတော့ အတိအကျ ဖြေကြားခဲ့ တာမရှိဘူးလို့ ပြောပါတယ်။
မကွေးတိုင်းဒေသကြီး လွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေးကော်မတီက နိုင်ငံပိုင်စက်ရုံတွေကို သွားရောက်လေ့လာခဲ့ရာမှာ စက်ရုံမှူးတွေက စက်ရုံတွေအနေနဲ့ အရှုံးပေါ်နေကြောင်း ရှင်းပြတာတွေရှိသလို အလုပ်သမားတွေကလည်း အရှုံးပေါ်နေတဲ့ အနေအထားတွေကြောင့် စက်ရုံပိတ်သိမ်း မှာကို စိုးရိမ်နေကြတဲ့အတွက် အခုလိုလွှတ်တော်ကတဆင့် မေးခွန်းမေးမြန်းဖြစ်တာလို့ လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းလှက ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ပွင့်ဖြူအထည်ချုပ်စက်ရုံ၊ စလေ မြေသြဇာစက်ရုံ၊ ပခုက္ကူ အထည်ချုပ်စက်ရုံ နှစ်ရုံနဲ့ မလွန်စိုက်ပျိုးရေးသုံးပစ္စည်းထုတ်လုပ်တဲ့ အကြီးစားစက်ရုံဆိုပြီး နိုင်ငံပိုင် စက်ရုံ ၅ ရုံရှိတယ်လို့ သိရပါတယ်။