ယာယီရပ်ဆိုင်းသင့်တဲ့ စက်ရုံ စီမံကိန်း ၄၄ နဲ့ပတ်သက်ပြီး ဝန်ကြီးဌာနတွေ ရှင်းလင်း
2017.03.13

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက စီးပွားရေးအရတွက်ခြေမကိုက်တဲ့ စက်ရုံစီမံကိန်း ၄၄ ခုကိုရပ်ဆိုင်းဖို့ တင်ပြထားတဲ့အပေါ် စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ စက်ရုံအတော်များများကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြ ခဲ့ပါတယ်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက မြင်းခြံနဲ့ ပင်းပက်သံမဏိစက်ရုံတွေကို ဆက်ပြီး လည်ပတ်သင့်ေြကာင်းနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက မပူးပေါင်းတဲ့ အရှုံးပေါ်နေတဲ့ တချို့စက်ရုံတွေကို ပိတ်သိမ်းသင့်တယ်လို့ ပြောပါတယ်။
ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ တင်ပြချက်အပေါ် ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးရာမှာ စီမံကိန်းစက်ရုံတွေကို ရုပ်သိမ်းလိုက်မယ်ဆိုရင် အဲဒီစက်ရုံက အလုပ်သမားတွေအတွက် ထည့်သွင်းစဉ်းစားစေလိုကြောင်း ထောက်ပြခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က နိုင်ငံပိုင်စက်ရုံတွေကို လတ်တလောရပ်ဆိုင်းထားပြီး စိစစ်တွေ့ရှိချက်တွေကို ပြန်သုံးသပ်ကာ ပုဂ္ဂလိက ကို လွှဲပြောင်းမယ်ဆိုရင် စက်ရုံဝန်ထမ်းတွေအတွက် ထိခိုက်နစ်နာမှုမရှိကြောင်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ တို့က ပြည်သူ့ဘဏ္ဍာငွေတွေ လေလွင့်ပြုန်းတီးမှုမရှိစေဖို့နဲ့ တိကျခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်စေဖို့ အတွက် လုပ်ငန်းစီမံကိန်းတွေကို လေ့လာခဲ့တာဖြစ်ပါတယ်။
အဲဒီလိုလေ့လာပြီးနောက် စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ စက်ရုံစီမံကိန်း ၄၄ ခုကို ယာယီရပ်ဆိုင်ထားပြီး ပြန်လည် သုံးသပ်ပြီးမှသာ ဆက်လက်ဆောင်ရွက်ဖို့ သင့် မသင့် ဆုံးဖြတ်သင့်ကြောင်း ပြီးခဲ့တဲ့မတ်လ ၆ ရက်နေ့မှာ ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်မှာ တင်ပြခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး ဒီကနေ့မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက လွှတ်တော်မှာ လာရောက်ရှင်းလင်း ခဲ့တာဖြစ်ပါတယ်။
၂၀၁၇ -၂၀၁၈ဘဏ္ဍာရေးနှစ်ရဲ့အမျိုးသားစီမံကိန်းနောက်ဆက်တွဲ ဇယား ၂ မှာပါတဲ့ စီမံကိန်း လုပ်ငန်းတွေနဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီ ရဲ့ လေ့လာတွေ့ရှိချက်၊ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ဆွေးနွေးချက်တွေကို လာမယ့် မေလ ၁၅ ရက်နေ့မှာ အတည်ပြုဆုံးဖြတ်မှာ ဖြစ်ပါတယ်။