ရပ်ဆိုင်းထားတဲ့ နိုင်ငံပိုင်စက်ရုံ ၂၈ ရုံကို စစ်ဆေးနေ


2017.10.11
28-factories-622.jpg ရပ်ဆိုင်းထားတဲ့ နိုင်ငံပိုင်စက်ရုံအလုပ်ရုံတွေ ဆက်လက်ဆောင်ရွက်သင့် မသင့် လေ့လာစစ်ဆေးသုံးသပ်ရေးအဖွဲ့ ၂ဝ၁၇ ခုနှစ်က အစည်းအဝေးကျင်းပစဉ်
Photo: U Saw Moe Myint's facebook

အရှုံးပေါ်နေလို့ ရပ်ဆိုင်းထားရတဲ့ နိုင်ငံပိုင် စက်ရုံ ၂၈ ရုံထဲက တချို့ကို အစိုးရနဲ့ ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုလွှာတွေ တင်ပြထားတာတွေရှိတဲ့အတွက် ဆက်လက်ဆောင်ရွက်ဖို့ သင့် မသင့် စစ်ဆေးနေတယ်လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ (၂) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောပါတယ်။

အဲဒီစက်ရုံ ၂၈ ရုံကို ဘယ်လိုရှေ့ဆက်ဆောင်ရွက်မယ်ဆိုတာကို  အကြံပြုနိုင်ဖို့ အဆင့် ၃ ဆင့်နဲ့ လေ့လာစစ်ဆေး သွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း က ပြောပါတယ်။

"နံပါတ် ၁ က ဦးတို့အဖွဲ့တွေသည်  ဒါသက်ဆိုင်ရာဝန်ကြီးဌာနကပေးထားတဲ့ အချက်အလက်တွေရှိတယ်။ အဲဒီအချက်အလက်တွေပေါ်မှာ မူတည်ပြီးမှ ဘယ်လိုရင်းနှီးမြှုပ်နှံထားခဲ့သလဲ ရှုံးတာမြတ်တာ အနေအထားတွေ ဘယ်လိုရှိသလဲ။ EOI (Expression of Interest  အစိုးရနဲ့ ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြု လွှာတွေ) ခေါ်ထားတဲ့ အနေအထားတွေမှာ ဘယ်လိုတွေဆောင်ရွက်နေလဲ ပေါင်းစပ်ပြီးလေ့လာနေပါတယ်။ ဒါပထမအဆင့်ပါ။ ဒုတိယအဆင့်က အဲ့လိုလေ့လာပြီးတဲ့အခြေအနေမှာ သက်ဆိုင်ရာစက်ရုံမှူးတွေကို တစ်ရုံချင်း ခေါ်ဆွေးနွေးအုန်းမှာပါ။ အဲ့ဒါပြီးရင်တော့ လိုအပ်တဲ့စက်ရုံတွေမှာ ကွင်းဆင်းပြီးတော့ စက်ရုံရဲ့ ပကတိ အခြေအနေတွေကို လေ့လာမယ်၊ အဲဒီ ၃ ရပ်ပြီးတော့မှ ဦးတို့အဖွဲ့ရဲ့ တွေ့ရှိချက်ကို အကြံပြုချက်အဖြစ် တင်ပြမှာဖြစ်ပါတယ်"

အဲဒီစက်ရုံ ၂၈ရုံကို နိုင်ငံတော်အတွက် အကျိုးရှိအောင် ဘယ်လိုပြန်အသုံးပြုသွားမလဲဆိုတာကို  ပြန်လည်လေ့လာ စစ်ဆေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ပညာရှင်တွေပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့နဲ့ ဖွဲ့စည်းစစ်ဆေးနေတာဖြစ်ပါတယ်။ အဖွဲ့ (၁) ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ဦးဆောင်တာဖြစ်ပါတယ်။

အရှုံးပေါ်လို့ ရပ်ဆိုင်းထားရတဲ့ နိုင်ငံပိုင် စက်ရုံ ၂၈ ရုံမှာထဲမှာ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ အထည် လိပ်စက်ရုံ၊ စက်မှုဝန်ကြီးဌာနအောက်က မလွန်၊ ဆင်တဲ၊ ညောင်ခြေထောက် ၊ သာဂရ တို့မှာရှိနေတဲ့ အကြီးစား စက်မှုစက်ရုံတွေ ပါဝင်တယ်လို့ သိရပါတယ်။

လေ့လာစစ်ဆေးတွေ့ရှိချက်တွေပေါ်မူတည်ပြီး ဘယ်စက်ရုံက အကျိုးတူလုပ်သင့်ပြီး ဘယ်စက်ရုံက ငှားရမ်းပြီး လုပ်သင့်တယ်၊ ဘယ်စက်ရုံက  အပြီးတိုင်လေလံပစ်တာမျိုးလုပ်သင့်တယ် ဆိုတာတွေကို သုံးသပ်ပြီး ပြည်ထောင်စု လွှတ်တော်ကို ပြန်လည်တင်ပြသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မတ်လ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက် အစီရင်ခံစာအရ စီမံကိန်း ၄၄ ခုဟာ နိုင်ငံတော် နဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်ခြင်းမရှိတာ၊ စီးပွားရေးအရ တွက်ခြေ ကိုက်ခြင်း မရှိတာကြောင့် လတ်တလောရပ်ဆိုင်းထားပြီး စနစ်တကျလေ့လာသုံးသပ်ပြီးမှသာ တွေ့ရှိချက်တွေအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သင့်တယ်လို့ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဥပဒေကြမ်းပူးပေါင်းကော်မတီက တင်ပြထားတဲ့ စီမံကိန်း ၄၄ ခုထဲက ၁၁ ခုကို ဝန်ကြီးဌာနက တာဝန်ခံပြီး ဆက်လက်လုပ်ကိုင်ဖို့ ခွင့်ပြုခဲ့ပြီး ကျန်တဲ့လုပ်ငန်းစီမံကိန်းတွေကို လတ်တလောရပ်ဆိုင်းထားဖို့ ပြည်ထောင်စု လွှတ်တော်က မတ်လ ၁၅ ရက်နေ့မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။