မကွေးလေတပ်စခန်းအနီး နေအိမ်တွေကို ဖယ်ရှားဖို့ အမိန့်ထုတ်
2023.03.28
ရှော့တိုက်ဒုံး အပါအဝင် ဗုံးခွဲတိုက်ခိုက်မှုတွေ မကြာခဏ ခံနေရတဲ့ မကွေးမြို့ လေတပ် စခန်းအနီးမှာရှိတဲ့ နေအိမ်တွေကို ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားဖို့ စစ်ကောင်စီဘက်က အမိန့်ထုတ်ပြန်လာတယ်လို့ မကွေးမြို့ခံတွေက RFA ကို ပြောပါတယ်။
မကွေးမြို့အစွန် လေတပ်စခန်းနဲ့ကပ်နေတဲ့ အောင်ဇေယျာ ရပ်ကွက်က နေအိမ်တွေ ဖယ်ရှားခံရမှာဖြစ်ပြီး လေတပ်လုံခြုံရေးကို အကြောင်းပြ ဖယ်ရှားခိုင်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မကွေးမြို့ခံတစ်ဦးက ပြောပါတယ်။
"အိမ်တွေကို ဖယ်ခိုင်းဖို့ လုပ်နေတာတော့ ကြားရတယ်။ အဲဒီအိမ်တွေက တရားဝင် လည်းမဟုတ် ကျူးကျော်လည်းမဟုတ်ပေါ့။ ကျနော် သိရသလောက် အဲလိုပုံစံမျိုး ရှိတာ။ ကျနော်ထင်တာ ပြောရရင် လေတပ်ကို ခဏခဏ ဒုံးနဲ့ ပစ်ခံရတာမို့လို့ အဲဒီနားလေး လာခိုမှာစိုးလို့ ဖယ်ခိုင်းတာတော့ ယူဆရတာပေါ့ဗျာ"
မကွေးလေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ တာ နှစ်ကြိမ် ရှိခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က လေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခံရ သလို အဲဒီနှစ် ဩဂုတ်လ ၈ ရက်နေ့ကလည်း မကွေးလေတပ်စခန်းက လက်နက် သိုလှောင်ရုံ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အဲဒီ လေတပ်စခန်းအနီးက ဖယ်ရှားဖို့ လုပ်နေတဲ့ နေအိမ်အရေအတွက်နဲ့ အသေးစိတ် အခြေအနေကို RFA က မသိရှိရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီဘက်ကတော့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ မြေဧက ငါးရာကျော်က အဆောက်အအုံ လေးထောင်ကျော်နဲ့ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်တွေက နေအိမ် တွေကို ကျူးကျော်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်အားသုံး ဖယ်ရှားတာတွေ လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။