စဉ့်ကူးနဲ့ မတ္တရာမှာ ဒေသခံ ငါးဦးသတ်ဖြတ်ခံရ
2023.10.26

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေမှာ စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွားပြီးနောက် အလောင်းငါးလောင်းတွေ့ခဲ့တယ်လို့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်က စစ်ကောင်စီတပ်သားတွေ ထွက်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရင်း စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တဲ့ အလောင်းငါးလောင်းတွေ့ခဲ့တာလို့ Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
" စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးမှာ အလောင်းနှစ်လောင်းတွေ့တယ်၊ ကျွန်တော်တို့ မတ္တရာမြို့နယ်၊ သဖန်းဒေါင့် ရွာထဲမှာ အလောင်းသုံးလောင်းတွေ့တယ်၊ အဲသုံးလောင်းထဲက တစ်လောင်းက သဲအင်းရွာက ဖမ်းသွားတဲ့ ဦးကျော်ဝင်းဆိုတဲ့ အသက် ၅၂ နှစ် အရွယ်အမျိုးသားပါတယ်၊ ကျန်တဲ့လေးလောင်းကတော့ ဘယ်သူဘယ်ဝါ ဆိုတာနဲ့ ဘယ်ကဆိုတာ မသိရသေးဘူး "
အောက်တိုဘာ ၂၅ ရက်နေ့က ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ သင်္ဘောတစ်စီးဟာ ကြက်တူရွေးရွာနဲ့ သဲအင်းရွာတွေထဲကို လက်နက်ကြီးတွေ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်ဆယ်လုံးကို မီးရှို့ခဲ့ တယ်လို့ Wetlet Informational Network ကထုတ်ပြန်ထားပါတယ်။ ၂၆ ရက်နေ့မှာတော့ မတ္တရာမြို့နယ် သဖန်းထောင့်ရွာက နေအိမ်တွေကို မီးရှို့ပြီး မန္တလေးဆိပ်ကမ်းဘက်ကို ပြန်ထွက်သွားတယ်လို့လည်း ဖော်ပြထား ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့် မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးနဲ့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့အထိ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၄,၁၅၉ ဦး ရှိပြီဖြစ်ပြီး နောက်ထပ်အတည်ပြုဖို့ လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ငါးရာဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။