မတ္တရာမှာ ဆေးကုသခွင့်မရတဲ့ စစ်ဘေးဒုက္ခသည် ငါးဆယ်ခန့် သေဆုံး

RFA Burmese
2024.12.25
မတ္တရာမှာ ဆေးကုသခွင့်မရတဲ့ စစ်ဘေးဒုက္ခသည် ငါးဆယ်ခန့် သေဆုံး မတ္တရာမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။
ရောင်နီနွေဦး

စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေ ဆေးကုသခွင့် မရတာကြောင့် ဒီလထဲမှာပဲ သေဆုံးသူ ငါးဆယ်ခန့် ရှိလာပြီလို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာ ၂၅ ရက် ဒီနေ့ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ရွာခုနစ်ဆယ်ခန့်က ဒေသခံ သုံးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရတာပါ။

စစ်ဘေးဒုက္ခသည်တွေဟာ အရေးပေါ်ဆေးဝါး မလုံလောက်တာကြောင့် ဒီဇင်ဘာလအတွင်း သေဆုံးသူ လေးဆယ်ခန့်နဲ့ အအေးမိပြီးသေဆုံးတဲ့ သက်ကြီးပိုင်း ဆယ်ဦးခန့်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလောလောဆယ်တော့ ကုသမှုခံယူလို့ မရလို့ပေါ့နော်။ ဆုံးတာမျိုးတွေလည်း ရှိတယ်။ အအေးမိပြီး ဆုံးတာကတော့ သက်ကြီးရွယ်အိုတွေ ဆုံးတာပေါ့နော်။ ကျန်တဲ့ရောဂါနဲ့ ဆေးကုသမှု မခံယူလိုက်ရလို့ ဆုံးတာကတော့ ခန့်မှန်းခြေ သုံးဆယ်၊ လေးဆယ်လောက်တော့ ရှိမယ်ဗျ”

စောင်နဲ့အနွေးထည် မလုံလောက်တာ၊ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ဆေးကုသခွင့် အလုံအလောက်မရတာနဲ့ မြွေအန္တရာယ်ကြောင့် အချိန်မီ ဆေးမကုနိုင်တာကြောင့်လည်း သေဆုံးမှုဖြစ်လာနေတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်ရဲ့ ၇၅ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေဖြစ်နေပြီး စားနပ်ရိက္ခာ မလုံလောက်လို့ ရွာစဥ်လှည့်ကာ အလှူခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်၊ စောင်၊ အမိုးအကာ စတဲ့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီဇင်ဘာ ၂၅ ရက် ဒီနေ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

စက်တင်ဘာလကစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သိမ်းယူထားတဲ့ မတ္တရာမြို့နယ်ထဲက ဝန်စု၊ ရွာသစ်ရွာ အပါအဝင် ရွာတချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး စီးနင်းမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။