မတ္တရာမှာ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကြောင့် လူတစ်သောင်းခန့် နေရပ်မပြန်နိုင်သေး
2024.10.18

မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် လူတစ်သောင်းခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာ တစ်လခန့်ကြာမြင့်လာပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူက အောက်တိုဘာလ ၁၈ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် ဧရာ၀တီမြစ်ဘေးတစ်လျှောက်က သုံးဆယ်ပေး၊ ကုန်းတန်းလေး၊ ကုန်းတန်းကြီး၊ ဘိုကုန်း၊ ကြိမ်တော၊ ဘုရားမကုန်း၊ ဆူးလေကုန်း၊ ရွှေဘောင်၊ သဖန်းဒေါင့်၊ ငယ်တိုး၊ ဝန်စု၊ ဝေါစု စတဲ့ရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က နေ့စဉ် လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေပြီး လေကြောင်းအန္တရာယ်ကိုပါ စိုးရိမ်ရတာကြောင့် နေရပ်မပြန်နိုင်သေးလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အနောက်ခြမ်းက ရွာပေါင်း ဆယ်ရွာကျော်လောက် ရှောင်နေရတယ်။ မြို့ပေါ်တွေမှာ နေကြတာတွေရှိတယ်၊ ကိုယ့်နီးစပ်ရာ တောတိုက်တွေ ထွက်နေကြတာတွေရှိတယ်။ ရွာတွေမှာနေလို့ရလည်း မနေရဲကြဘူးလေ။ လက်နက်ကြီးနဲ့က ခဏခဏပစ်နေတာ။ လေကြောင်းကလည်း ကြောက်နေရတာဆိုတော့။ အကုန်လုံးက ခက်ခဲနေတာဆိုတော့ အဓိက စားနပ်ရိက္ခာ လိုအပ်တာပေါ့”
မတ္တရာမြို့နယ် အနောက်ခြမ်းမှာ ဖွင့်ထားတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာလည်း လူတစ်ထောင်ခန့်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာ၀တီမြစ်ဘေးအနီး PDF တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သုံးဆယ်ပေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်စခန်း အပါအဝင် တခြားတပ်စခန်းတချို့ကို စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) ကတော့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေအပြင် မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေပေမဲ့ သိမ်းယူထားတဲ့ တပ်စခန်းတွေကို အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၁ ရက် နေ့ကတော့ မတ္တရာမြို့နယ် အနောက်ခြမ်း ဝေါစုရွာဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ သုံးပါးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လက်ရှိမှာ မတ္တရာမြို့နယ် အရှေ့ခြမ်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်လုံးနီးပါးမှာတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။