မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံး

RFA Burmese
2024.02.28
မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦးသေဆုံး မတ္တရာအ​ရှေ့ခြမ်းကျေးရွာများအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဒေသခံ နှစ်ဦးသေဆုံးပြီး နေအိမ်ဆယ်လုံးခန့်ပါ မီးရှို့ခံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ မနေ့မနက်ပိုင်းမှာ အင်အားကိုးဆယ်ခန့်ပါတဲ့ စစ်ကြောင်းက ရွာတွေကို စီးနင်းဝင်ရောက်ခဲ့ပြီး မြို့ဒင်ရွာက အသက် ၅၈ နှစ်အရွယ် ဦးလှထွန်းနဲ့ သဲဖြူချောင်းရွာက အသက် ၃၈ နှစ်အရွယ် ကိုဝင်းမင်းထွန်းတို့ကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ဦးခေါင်းကိုပစ်ခတ်ခံရတာကြောင့် သေဆုံးတာဖြစ်ပြီး အဲဒီရွာနားတစ်ဝိုက်မှာလည်း တိုက်ပွဲကြီးကြီးမားမား ဖြစ်တာမရှိဘူးလို့ လုံခြုံရေးအရ အမည်အဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ခေါင်းကလုံးဝ ရစရာမရှိတော့ဘူး ပွင့်ထွက်သွားတာ။ ကျန်တဲ့ ဒဏ်ရာဒဏ်ချက် သိပ်မတွေ့ဘူး။ ခေါင်းတွေပဲ မွစာကြဲနေတာ။ တော်လှန်ရေးထဲ ပါတဲ့လူတွေလည်း မဟုတ်ပါဘူး။ ပြည်သူတွေချည်းပဲ။ ၅၈ နှစ် အဘကြီးဆို သွားတောင်မရှိတော့ဘူး”

အဲဒီစစ်ကြောင်းကပဲ မီးရှို့ခဲ့တာကြောင့် မြစ်ကမ်းရွာက အိမ်ရှစ်လုံးနဲ့ ဆင်ရွာသစ်ရွာက အိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာခံတွေလည်း နေရပ်မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

ကားငါးစီးနဲ့ အင်အားကိုးဆယ်ခန့်ပါတဲ့ အဲဒီစစ်ကြောင်းဟာ မတ္တရာမြို့နယ်ထဲက အနည်းဆုံး ရွာငါးရွာကို ဝင်ရောက်ခဲ့ပြီး ကိုင်းကြီးရွာက အမျိုးသားတစ်ဦးကိုပါ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်အထိ ပြန်လွတ်၊ မလွတ် အတိအကျမသိရသေးသလို အဆက်အသွယ်လည်း မရသေးဘူးလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ပြောပါတယ်။

ဒေသခံတွေ သေဆုံး၊ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။