ဆည်တဲရွာသား ၇ ဦးကို ဆားလင်းကြီးရဲစခန်း အမှုဖွင့်အရေးယူ
2014.05.21

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသား ကုမ္ပဏီဝန်ထမ်း ၂ ဦးကို ဖမ်းဆီးခဲ့တဲ့ ဆည်တဲရွာသား ၇ ဦးကို ဆားလင်းကြီးမြို့နယ် ရဲစခန်း က အမှုဖွင့်ထားကြောင်း သိရပါတယ်။
အဲဒီဆည်တဲကျေးရွာသား ၇ ဦးအပြင် ရဲကားတွေကို ဖျက်ဆီးခဲ့သူတွေကိုလည်း အမှုဖွင့်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်းက အခုလို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ဆည်တဲရွာအနားမှာ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသား ဝန်ထမ်း ၂ ဦးနဲ့ မြန်မာနိုင်ငံသား ကားမောင်းသမားကို ဆည်တဲရွာသားတွေက ဖမ်းဆီးခဲ့တာပါ။
ကားသမားကိုတော့ သိပ်မကြာခင်မှာ ပြန်လွှတ်ပေးလိုက်ပြီး ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်း ၂ ဦးကိုတော့ မေလ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆည်တဲရွာသားတွေ ဆွေးနွေးအပြီးမှာ လွှတ်ပေးခဲ့ပါတယ်။
ကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ဆည်တဲရွာအနီးက ကျောက်ဖြူတိုင်ရွာမှာ ရဲကားတွေကို ဖျက်ဆီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီရွာမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ဆားလင်းကြီးမြို့နယ် ရဲစခန်းက ခေါ်ယူစစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။