ကျောက်ကားတွေကို တိုင်းအစိုးရ က ဖြတ်သန်းခွင့်ပြု တာဖြစ်ကြောင်း ပြော


2017.03.25
lpt-stone-cars-620.jpg လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကျောက်သယ်ယာဉ်တွေကို မိုးကြိုးပြင်ကျေးရွာ လမ်းပိုင်းမှာ မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Ko Phoe Zaw (facebook)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကျောက်သယ်ယာဉ်တွေကို ဖြတ်သန်းခွင့်မပြုသင့်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်က ဆုံးဖြတ်ထားပေမယ့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက်ခွင့်ပြုထားတာဖြစ် တယ်လို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက နေ့စဉ်အစီးရေ ၃ ထောင်နီးပါး ဖြတ်သန်းနေတာကို ခွင့်မပြုသင့်ဘူးလို့ လွှတ်တော်က ဆုံးဖြတ်ပေမယ့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုသင့်တယ်ဆိုပြီး စာထုတ်ထားတာလို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောပါတယ်။

"လွှတ်တော်အနေနဲ့က ဒီကျောက်တွေက ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရတောင် ဒေသခံ ကားတွေ အလုပ်ဖြစ်အောင်ခွင့်ပြုတာ၊ အခုက ကုမ္ပဏီကားတွေဖြစ်နေတော့ ဒီဟာကို အကာအကွယ် မပေးသင့်ဘူး၊ ပြီးတော့ ကားတွေကလမ်းမပေါ်မှာ လေးငါးရာလောက် လွှတ်နေတာ အခေါက်ခေါက်ဆို ကားအစီး ၂၄၀၀၊  ၃၀၀၀ လောက်က ရှစ်မိုင်ကိုးမိုင်လောက်လမ်းမှာ ခွင့်မပြုသင့်ဘူးလို့ လွှတ်တော်က သုံးသပ်ချက်ထွက်ထားတာ၊ အဲဒါကို အစိုးရဌာနတွေ စည်ပင်ဝန်ကြီးရယ်၊ နယ်လုံဝန်ကြီးရယ်က ဒါကိုခွင့်ပြုသင့်တယ်ဆိုပြီး စာထွက်ထားတာ မြို့နယ်အုပ်ချုပ်ရေးမှူးက စာထွက်ပြီးခွင့်ပြုထားတာ သူတို့ဘာသာသူတို့ ခွင့်ပြုရင် သူတို့ဘာသူတို့ရှင်းပေါ့"

ကျောက်ကားတွေကို တားဆီးပိတ်ဆို့တဲ့ ဒေသခံတွေကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က မနေ့က ရာဘာကျည်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပုသိမ်-မုံရွာလမ်းကို ကျောက်ကားတွေမဖြတ်သန်းဖို့ သပိတ်စခန်းဖွင့်ပြီး  ဆက်လက်တားဆီးသွားမယ်လို့ မိုးကြိုးပြင်အလယ်ရွာက ဒေသခံတစ်ဦးဖြစ်တဲ့ ကိုလပြည့်က ပြောပါတယ်။

"ကျောက်ကားတွေထွက်မယ်ဆိုရင် ဒေသခံတွေက ဆက်လက်တားဆီးဖို့ အသင့်ရှိနေပါတယ် ရွာထိပ်တွေမှာ၊ ကျနော်တို့က ဆက်လက်တားဆီးသွားမှာပါ၊ ပြီးတော့လည်း ဒီလိုမျိုးမတရားတဲ့ အမိန့်အာဏာတွေမှန်သမျှကို ဒေသခံတွေက တွန်းလှန်ဦးမယ်၊ တိုက်ပွဲဝင်ဦးမယ် သပိတ်စခန်းတွေ ဘာတွေဖွင့်ဖို့လည်း စီစဉ်ထားပါတယ်"

ဆားလင်းကြီးမြို့နယ် ပုသိမ် - မုံရွာကားလမ်းမပေါ်မှာ ၅ ဦးထက်ပိုတဲ့ လူစုလူဝေး မလုပ်ဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က အမိန့်စာထုတ်ပြန် တားမြစ်ပြီးနောက် ဒေသခံတွေက ဆက်လက်တားဆီးနေတာဖြစ်ပြီး မနေ့ညနေက ဒေသခံတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေဖြစ် ခဲ့တာပါ။

ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အလယ်ရွာနဲ့ မိုးကြိုးပြင်မြောက်ရွာအနီးက ပုသိမ်- မုံရွာ ကားလမ်းမကို အသုံးပြုပြီး မင်းတောရွာက ကျောက်တွေကို ဝမ်ပေါင်ကုမ္ပဏီထံ သယ်ပို့ပေးနေတဲ့ ကားတွေ ကို ဒေသခံတွေက ပိတ်ဆို့တားဆီးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။