တိုင်းအစိုးရ ကြေညာချက်ကြောင့် မိုးကြိုးပြင် ဒေသခံတွေရဲ့ သပိတ်စခန်း ရုပ်သိမ်း
2017.03.26

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထံ ပို့ဆောင်နေတဲ့ ကျောက်သယ် ယာဉ်တွေကို ပုသိမ်-မုံရွာ ကားလမ်းပေါ်ကနေ မဖြတ်သန်းဖို့နဲ့ ဆားလင်းကြီးမြို့နယ်က ကျောက်ထုတ်စခန်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်တဲ့အတွက် မိုးကြိုးပြင်ကျေးရွာ က ဒေသခံတောင်သူတွေရဲ့ သပိတ်စခန်းကို ဒီကနေ့ ရုပ်သိမ်းလိုက်ပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာသိန်းနိုင် က မိုးကြိုးပြင်ကျေးရွာက သပိတ်စခန်းထံ လာရောက်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ကျောက်သယ်ယာဉ်တွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တားမြစ်လိုက်တာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင် က ပြောပါတယ်။
တိုင်းအစိုးရရဲ့ တရားဥပဒေနဲ့အညီ လုပ်ဆောင်ချက်ကို လိုက်နာတဲ့အနေနဲ့ သပိတ်စခန်းကို ရုပ်သိမ်းတာဖြစ်တယ် လို့ ဆန္ဒပြနေသူတွေက ပြောပါတယ်။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်နေကြတဲ့ ဒေသခံတောင် သူတွေဟာ မိုးကြိုးပြင်ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း ကို ဖြတ်သန်း သွားလာနေတဲ့ ကျောက်ကားတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တားဆီးပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ က ကျောက်ကားတားဆီးတဲ့ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ရာဘာကျည် နဲ့ ပြန်လည်ပစ်ခတ် မှုကြောင့် ဒေသခံတောင်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သပိတ်စခန်းကိုပိတ်သိမ်းခဲ့ပေမယ့် ရာဘာကျည်နဲ့ ပစ်ခတ်နှိမ်နှင်းဖို့ အမိန့်ပေးခဲ့သူနဲ့ ပစ်ခတ်သူတွေကို ထိရောက်စွာအရေးယူပေးဖို့ ဆက်လက်တောင်းဆို သွားမယ်လို့ မိုးကြိုးပြင်ဒေသခံတွေက ပြောပါတယ်။