ကြေးနီတင်ကားတွေကို တားတဲ့ လက်ပံတောင်းဒေသခံတွေကို အမှုဖွင့်


2017.02.24
lpt-wanbao-620.jpg ဝမ်ပေါင်က ကြေးနီသယ်တဲ့ယာဉ်တွေကို တားဆီးပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လက်ပံတောင်းဒေသခံတွေ ဆန္ဒပြကြစဉ်
ဓါတ်ပုံ - စိုးလွင်ဦး

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီ က ကြေးနီသယ်တဲ့ကားတွေကို လမ်းပိတ်ဆို့ တားမြစ်ခဲ့တဲ့ ဒေသခံ ၂၅ ယောက် ကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ အပါအဝင် ပုဒ်မ ၃ ခုနဲ့ ဆားလင်းကြီးမြို့မရဲစခန်းက တရားလိုလုပ် အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

အခုလို တရားစွဲဆိုခံရပေမယ့် မနက်ဖြန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တွေ့တဲ့အခါမှာ သီးနှံနစ်နာကြေး ကိုသာပေးဖို့ အဓိကထားပြောမယ်လို့ မိုးကြိုးပြင်ကျေးရွာက ဒေသခံ ကိုလပြည့် က ပြောပါတယ်။

"အသိတစ်ယောက်ကနေပြီး လှမ်းအကြောင်းကြားပေးလို့ပါ။  ဆားလင်းကြီးမြို့နယ်က ကျော်မင်းနိုင် ကပေါ့နော် စာနဲ့တော့ လာမပို့သေးဘူး။  ဒေသခံတွေကို။တရားစွဲတယ်ဆိုတဲ့အကြောင်းလာ အကြောင်း မကြားသေးဘူး။ အရင်ဆုံး  ကျနော်တို့ ပြောရမှာကတော့ ကျွန်တော်တို့ စိုက်ပျိုးခဲ့ရတဲ့  ခြံစည်းရိုးဝန်းထဲ က ဧက ၂၀၀၀ ဝန်းကျင်လောက်ရှိတဲ့ သီးနှံလျော်ကြေးအတွက်ပဲ  အဓိက ထား ပြောသွားမှာပါ။ အဲ့ဒါပြေ လည်မှသာ ကျနော်တို့ ကျန်တဲ့ ကိစ္စတွေကို  တောင်းဆိုသွားမှာပါ။ ဒါပေမဲ့ တရားစွဲတဲ့ကိစ္စကို လည်း ပြောသင့်ပြောထိုက်ရင်  ပြောသွားမှာပေါ့။"

ဆားလင်းကြီးမြို့မရဲစခန်းက ရဲအုပ်ကျော်မင်းနိုင်က တရားလိုလုပ်ပြီး ဦးစန္ဒာသီရိ၊ ကိုဝင်းကျော်၊ ဒေါ်သန်းမြ၊ ကိုဝင်းကျော်၊ ကိုရာဇာအပါအဝင် ဒေသခံ ၂၅ ယောက်ကို ငြိမ်းစုစီပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၁၄၃၊ အများပြည် သူပိုင် လမ်းပိတ်ဆို့မှုပုဒ်မ ၁၄၃/ ၄၃၁ တို့နဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

ဒေသခံတွေကို တရားစွဲတာနဲ့ ပတ်သက်ပြီး ရဲအုပ်ကျော်မင်းနိုင်ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ပြန် လည်ဖြေကြားခြင်း မရှိပါဘူး။

ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကြေးနီသယ်တဲ့ယာဉ်တွေကို မိုးကြိုးပြင်၊ ဆည်တဲ၊ တုံရွာ ကဒေသခံ ၁၀၀ လောက်က တားမြစ်ထားတာဖြစ်ပါတယ်။

ဒေသခံတွေက လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လေ့လာစုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အစားထိုးမြေ ဧက ၁၉၀၀ ကို ဖော်ထုတ်ပေးဖို့၊ မြေသိမ်းလျော်ကြေးမယူထားတဲ့ သိမ်းဆည်းခံ မြေယာတွေအတွက် သီးနှံလျော်ကြေးပေးဖို့၊ ကြေးနီစီမံကိန်းလုပ်ငန်းဖော်ဆောင်ရေး ကော်မတီမရှိဘဲ လျော်ကြေးထုတ်ယူနေမှုကို လုံးဝရပ်ဆိုင်းဖို့နဲ့ လက်ပံတောင်းတောင်ဒေသတွင်း ကြေးနီစီမံကိန်းကြောင့်ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုတွေကို ပြန်လည်တည်ဆောက်ပေးဖို့တို့ကို တောင်းဆိုနေတာဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်တွေအတွက် မနက်ဖြန်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကုမ္ပဏီက ဆုံးဖြတ်ချက်ပေးနိုင် သူတွေ၊ လွှတ်တော်ကိုယ်စားလျယ်တွေ၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေနဲ့ ဒေသ ခံတွေ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။