ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်သင့်
2013.03.12

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ လေ့လာတွေ့ရှိ အကြံပြုချက်တွေအတိုင်း ပြင်ဆင်မယ်ဆိုရင် စီမံကိန်းကို ဆက်လက်ဆောင်ရွက်စေသင့်ပါကြောင်း မတ်လ ၁၂ ရက် ဒီကနေ့မှာထုတ်ပြန်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အစီရင်ခံစာမှာပါတဲ့ တွေ့ရှိချက်တွေထဲက တစ်ချို့ကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ မီးစုန်းဓာတ် (ဖော့စဖောရပ်) ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့တဲ့အကြောင်း၊ ဒီလိုသုံးခဲ့တဲ့အတွက် ရဟန်းသံဃာနဲ့ လူပုဂ္ဂိုလ်အချို့မှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အကြောင်းကိုလည်း ဖော်ပြ ထားပါတယ်။
ဒီစီမံကိန်းအတွက် ဒေသခံတွေရဲ့ မြေယာသိမ်းဆည်းတာတွေနဲ့ ပတ်သက်လို့ ထိုက်တန်တဲ့ ကာလတန်ဖိုးနဲ့ မြေလျော်ကြေးမပေးခဲ့သလို ပေးတဲ့အတိုင်းအတာဟာ အလွန်နည်းပါးကြောင်း ထောက်ပြထားတာ တွေ့ရှိရပါတယ်။ သိမ်းယူတဲ့မြေတွေကို လျော်ကြေးပေးခဲ့ရာမှာ ၁၉၈၄ ခုနှစ်က မြေသိမ်းဥပဒေအရ လျော်ကြေးပေးခဲ့ရာမှာ တဧကကို ၅ ကျပ်ကနေ ၈၀ ကျပ်အထိ မြေအမျိုးအစားအပေါ်မူတည်ပြီး လျော်ကြေးပေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ဒါပေမယ့် အဲဒီလျော်ကြေးဟာ ကာလမြေတန်ဖိုးနဲ့ တွက်လိုက်ရင် အဆပေါင်းများစွာ နည်းနေတာကို တွေ့ရတယ်လို့လည်း ပြောထားပါတယ်။ အဲဒီဒေသမှာ လယ်တဧက ကာလပေါက်ဈေးဟာ လယ်မြေအမျိုးအစားပေါ်မူတည်ပြီး ကျပ်ငွေ ၁၅ သိန်းလောက်အထိရှိကြောင်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် မြေယာသိမ်းဆည်းမှုတွေမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့အတွက် ပြဿနာတွေ ပိုကြီးထွားလာခဲ့ကြောင်းလည်း ဝေဖန်ထောက်ပြထားပါတယ်။
ကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက လေ့လာတွေ့ရှိချက်တွေကို တင်ပြထားတာသာဖြစ်သလို အဲဒီအစီရင်ခံစာမှာပါတဲ့ အကြံပြုတင်ပြချက်တွေကို ဆက်လက်အကောင်အထည်ဖေါ်မယ့် ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းထားလိုက်ပါတယ်။
ဒီကော်မတီမှာ ဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးက ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားသလို အဖွဲ့ဝင် (၁၅) ဦးထဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က စီမံကိန်းဒါရိုက်တာ ဦးမောင်မောင်တင့်နဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီလီမိတက်က ညွှန်ကြားရေးမှူး Mr.Geng Yi တို့လည်းပါဝင်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ကော်မရှင်ရဲ့ အစီရင်ခံစာကို လက်ပန်းတောင်းတောင် ဒေသခံတွေက ကန့်ကွက်ကြပါတယ်။ ဒေသခံတွေ ပြောပြချက်တစ်ချို့ကို RFA သတင်းထောက် မရတနာဦးက စုစည်းတင်ပြထား နားဆင်နိုင်ပါပြီ။
နယ်ပယ်စုံက ပညာရှင်တွေကလည်း ကြေးနီစီမံကိန်း အစီရင်ခံစာအပေါ် ဝေဖန်သုံးသပ်တာတွေ ရှိနေပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။