လက်ပံတောင်းမှာ လုံခြုံရေးကင်းတဲတွေ စတင်ပြောင်းရွှေ့
2013.11.19
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲပါဝင်တဲ့ မိုးကြိုးပြင်တောင်ရွာ မုံရွာ-ပုသိမ်အဝေးပြေး ကားလမ်းမပေါ်မှာ နေရာချထားတဲ့ လုံခြုံရေးကင်းတဲတွေကို အဲဒီနေရာနဲ့ လေးဖာလုံဝေးတဲ့ မြေဖြူကျင်းတံတားနားကို မနေ့ညက နေရာပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
မိုးကြိုးပြင်တောင်ရွာ ဒေသခံတွေက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံမှာ တောင်းဆိုတာကို အဲဒီဒေသခံ သံဃာတော်တွေက ကြားဝင်ညှိနှိုင်းပေးလိုက်တဲ့အတွက် မနေ့ညက ပြောင်းရွှေ့ပေးတာဖြစ်တယ်လို့ ဇီးတောကျေးရွာ စမ်းမြဝတီကျောင်းတိုက်က အရှင်စန္ဒာသီရိက မိန့်ပါတယ်။
“မနေ့ညက ၁၂ နာရီကျော်ပဲ ရဲကင်းတွေကို မိုးကြိုးပြင်တောင်ရွာ ထိပ်ကနေပြီးတော့ မိုင်ဝက်ကျော်ကျော်လောက်ပေါ့၊ ရွာတွေနဲ့လွတ်ကင်းရာကို ရွေ့သွားတယ်၊ ဒီရဲကင်းတွေကြောင့် တောင်သူလယ်သမားတွေနဲ့ ပဋိပက္ခတွေဆက်ဖြစ်မှာကို မလိုလားတဲ့အတွက်ကြောင့် ဦးဇင်းတို့က ဒေသခံတွေနဲ့ အာဏာပိုင်တွေကြားမှာ ညှိနှိုင်းပေးလိုက်တာ ပြေလည်သွားတယ်”
စီမံကိန်းတာဝန်ရှိသူတွေက မိုးကြိုးပြင်တောင်ရွာမှာ အခုနိုဝင်ဘာလ၁၀ရက်နေ့ကစပြီး လုံခြုံရေးကင်းတဲတွေ တာဝန်ချထားတာကြောင့် ဒေသခံတွေက နေ့တိုင်းဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ညမှာ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တစ်ဘက်နဲ့တစ်ဘက် ဒဏ်ရာရတဲ့အထိ ပဋိပက္ခတွေဖြစ်ပွားခဲ့ကြပြီးနောက် မနေ့ညက အဲဒီရဲကင်းတဲတွေကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
လယ်တီသိမ်တော်ကိစ္စနဲ့ပတ်သက်ပြီး အင်ကြင်းတောင်ခြေမှာဖွင့်ထားတဲ့ သပိတ်စခန်းကတော့ ဆက်လက်ရှိနေဆဲပဲလို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မရတနာဦး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။