တရုတ်ကုမ္ပဏီ ခြံစည်းရိုးကာမှု တားမြစ်သူများ အဖမ်းခံရ
2014.02.05

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ၊ ဝက်မှေးရွာ အနောက်ဘက်မှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံနေတာကို ဒေသခံရွာသားတွေက ဒီကနေ့ မနက်က သွားရောက်တားမြစ်ရာက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရွာသား ၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီလို တရုတ်ကုမ္ပဏီက ခြံစည်းရိုးကာရံတဲ့အထဲမှာ ဝက်မှေးရွာသားတွေရဲ့ လယ်မြေဧက ထက်ဝက်နီးပါး ပါဝင်နေတဲ့အတွက် တားမြစ်ရာက ရဲအင်အား ၄၀၀ လောက်နဲ့ ပဋိပက္ခတွေဖြစ်ခဲ့ပြီး ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း အပါအဝင် ရွာသားတွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း ဝက်မှေးကျေးရွာက ကိုဝင်းကျော်မှူးက ပြောပါတယ်။
“မနက် ၅ နာရီလောက်မှာ ရဲအင်အား ၄ဝဝ၊ ၅ဝဝ လောက်ရှိမယ်၊ နောက်ပြီးတော့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်လုပ်သားတွေပါမယ်၊ ဘူဒိုဇာက သုံးစီးပါတယ်၊ အဲဒီအချိန်ကစပြီးတော့ သူတို့စလုပ်တာပေါ့၊ အဲတော့ ရွာသားတွေက တားတယ်ပေါ့၊ သူတို့လိုချင်တဲ့မြေဧရိယာကို ခြံစည်းရိုးခတ်တော့ ရွာကမြေယာလျော်ကြေးမယူထားတဲ့ လယ်ယာတော်တော်များများက ပါသွားတယ်၊ ဘူဒိုဇာနဲ့ထိုးတာ၊ ဘူဒိုဇာအရှေ့မှာ ဝမ်းလျားမှောက် ထိုးထိုးလိုက်တော့ အသက်အန္တရာယ်ကတော့ မထိခိုက်လိုက်ဘူးပေါ့ဗျာ၊ ၁ဝ နာရီခွဲလောက်မှာတော့ မသွဲ့သွဲ့ဝင်းနဲ့ သူ့ညီမ မဖြူဖြူဝင်း အပါအဝင်ပေါ့ ဂ ယောက်လောက်တော့ သူတို့ဖမ်းခေါ်သွားတယ်”
အဲဒီနေရာဟာ စီမံကိန်းဧရိယာထဲမှာ ပါဝင်တဲ့အတွက် ပြောင်းရွှေ့ပေးရမှာဖြစ်ပေမယ့် ဒေသခံတွေအနေနဲ့ သူတို့ရဲ့လယ်ယာမြေတွေ မဆုံးရှုံးလိုတဲ့အတွက် ကုမ္ပဏီနဲ့ညှိနှိုင်းနေဆဲ အချိန်ကာလမှာ အခုလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာခဲ့တာလို့လည်း ဆိုပါတယ်။
ဒီပဋိပက္ခကြောင့် ဝက်မှေးကျေးရွာက မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မမိစိန် ၊ မရီချို ၊ မဆယ်တင်နဲ့ ကိုမြင့်နိုင်ဝင်း အပါအဝင် ၈ ဦး ဖမ်းဆီးခံနေရကြောင်း သိရပါတယ်။
ဝက်မှေးကျေးရွာက ကိုဝင်းကျော်မှူးကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။