ကြေးနီတောင် သပိတ်စခန်းဖြိုခွဲမှု တာဝန်ရှိသူတွေကို အရေးယူပေး ဖို့ ဒေသခံတွေ ဆန္ဒပြ
2013.03.02

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုခဲ့တဲ့ သပိတ်စခန်းဖြိုခွဲခံရမှုမှာပါဝင်တဲ့ အကြမ်းဖက်တဲ့သူတွေကို အခုချိန်အထိ စစ်ဆေးအရေးယူတာတွေ မရှိတာကြောင့် ဒီကနေ့ မနက် ၃ နာရီမှာ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်ထဲရွာမှာ အိမ်ခြေ ၁၅ဝ ကျော်က မကောင်းဆိုးဝါး နှင်ထုတ်ပွဲတစ်ရပ်ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
သပိတ်စခန်းဖြိုခွဲမှုမှာ အကြမ်းဖက်ခဲ့တဲ့သူတွေကို မကောင်းဆိုးဝါးအနေနဲ့ သတ်မှတ်ပြီး သံပုန်းတွေထုရိုက်ကာ မကောင်းဆိုးဝါးနှင်ထုတ်ပွဲ ပြုလုပ်တာဖြစ်တယ်လို့ ဒီအရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ရက် တာဝန်ခံ ကိုသောင်းထိုက်က RFA ကို ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကို တင်ပြတိုင်ကြားဖို့အတွက် ဒေသခံတွေရဲ့ လက်မှတ်ကောက်ခံတာ ဒီကနေ့မှာ ဆန္ဒမဲလက်မှတ် ၅ ထောင်ကျော်ရရှိနေပြီး တခြားမြို့တွေကိုလည်း ဆန္ဒမဲလက်မှတ်တွေ ဖြန့်ဝေထားတယ်လို့ သိရပါတယ်။