လက်ပံတောင်းမှာ ပုဒ်မ ၁၄၄ သက်တမ်းတိုးမြှင့်
2015.01.02

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အမိန့်ကို နောက် ထပ် သက်တမ်း ၂ လ တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။
ပုဒ်မ ၁၄၄ ကို ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ လကုန်အထိ ၂ လ သက်တမ်းတိုးလိုက်တာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က ပြောပါ တယ်။
"ပုဒ်မ ၁၄၄ က သက်တမ်းရှိတယ်လေ၊ နှစ်လတစ်ကြိမ်၊ အဲ့ဒါကို သက်တမ်းပြန်တိုးတာပါ၊ နယ်နိမိတ်သတ်မှတ်ထားတာ ရှိပါတယ်ခင်ဗျ"
နောက်ထပ်၂ လပြည့်တဲ့အခါ ပုဒ်မ ၁၄၄ ကို ထပ်မံ ထုတ်ပြန်မှာ ဖြစ်တယ်လို့လည်း ဦးဇော်မျိုးညွန့်က ဆိုပါတယ်။
ပုဒ်မ ၁၄၄ သတ်မှတ်ထားတဲ့ဧရိယာမှာ မိုးကြိုးပြင်ကျေးရွာအုပ်စု၊ ဖောင်းကတာကျေးရွာအုပ်စု၊ လက်ပံတောင်း တောင်ကြီး၊ ဝက်မှေးရွာ၊ ဆည်တည်းရွာနဲ့ တုံရွာတွေ ပါဝင်ပြီး အဲဒီနေရာတွေမှာ ဝင်ထွက်သွားလာ တာတွေ မလုပ်ဖို့နဲ့ တားမြစ်ချက်ကို ချိုးဖောက်ရင် တရားဥပဒေအရ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဧရိယာအတွင်းမှာပါတဲ့ နေရာတွေကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇူလိုင်လကစလို့ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။