လက်ပန်းတောင်းတောင် အရေး တွေ့ရှိချက်တွေကိုသာ တင်ပြသွားမည်


2013.03.04
latpadaung-mountain-305 လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း
Photo: RFA

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် အကြံပြုတင်ပြသွားမှာမဟုတ်ပဲ အဖွဲ့ရဲ့စုံစမ်းတွေ့ရှိချက်တွေကိုသာ ပြည်သူတွေ သိရှိအောင် တင်ပြသွားမှာဖြစ်တယ်လို့ မတ်လ ၄ ရက် ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တ ရပ်နားစဉ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

မကြာခင်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ ထွက်တော့မယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် ဘယ်လိုသဘောထားရှိပါသလဲလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က

“ကျမတို့ ကော်မရှင်အနေနဲ့ ရပ်ဖို့လဲမပြောဘူး၊ မရပ်ဖို့လည်းမပြောဘူး၊ ကျမတို့က အမှားအမှန်ကို ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး၊ ကျမတို့က စုံစမ်းစစ်ဆေးရေးကို ပြည်သူတွေရော အားလုံးကိုသိအောင် တင်ပြပေးမှာပါ၊ အဲအတွက်ကြောင့်မို့ ရပ်မရပ်ဆိုတာကို ကျမတို့လုံးဝမပြောဘူး၊ ကျမတို့တွေ့ရှိချက်ကို ပြောမှာပါ၊ ကျမတို့တင်ပြတာကို အမှားအမှန် ခွဲခြားတာ၊ ဆုံးဖြတ်တာအားလုံးဟာ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူအားလုံးက ဆုံးဖြတ်ရမှာဖြစ်တယ်၊ ကျမတို့က စုံစမ်းပေးရတဲ့အဆင့်ပဲဖြစ်တယ်”

အစီရင်ခံစာကိုတော့ သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ်ကနေ မြန်မာနိုင်ငံကို ပြန်ရောက်ရင် တင်ပြသွားမှာဖြစ်ပြီး အလားတူပြည်သူတွေသိအောင်လည်း ထုတ်ပြန်သွားမယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ကျမတို့က သမ္မတကြီးဆီ တိုက်ရိုက်အစီရင်ခံရတာ ဖြစ်ပါတယ်၊ တင်ပြီးပြီဆိုတော့မှ ပြည်သူတွေအားလုံးကို ထုတ်ပြန်ကြေညာသွားမှာပါ၊ ပြည်သူတွေအားလုံး ကျေနပ်လောက်တဲ့ အဖြေတခုလည်းပါမယ်လို့ ကျမတို့ယူဆပါတယ်၊ ဘာလို့လဲဆိုတော့ ဥက္ကဌကြီးကိုယ်တိုင် ပြောပြီးသားပဲ”

လက်ပန်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အင်အားသုံးဖြိုခွင်းခဲ့မှုနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။