လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ငါးဦးနဲ့ မိသားစုဝင်တွေကို IEC အရေးယူ

RFA Burmese
2023.11.29
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ငါးဦးနဲ့ မိသားစုဝင်တွေကို IEC အရေးယူ ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ KNDF ထုတ်ပြန်သည့် ဗီဒီယိုတွင် တွေ့ရစဉ်။
Screenshot: KNDF - Facebook video

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ မပါဝင်တဲ့ လွိုင်ကော်တက္ကသိုလ် ဝန်ထမ်းတွေထဲက ငါးဦးကို အမှုဖွင့် တရားစွဲပြီး ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနဲ့ မိသားစုဝင်တွေကို တရားရေးဌာနကို လွှဲပြောင်းပြီး တရားစွဲအရေးယူသွားမယ်လို့ IEC က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ တပ်မိသားစုဝင် သုံးဦးကိုလည်း စစ်ဖက်ဆိုင်ရာ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေး အရေးယူနိုင်ဖို့ စစ်ခုံရုံးကို လွှဲပြောင်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ဆေးအရေးယူမယ့်အခြေအနေ အသေးစိတ်ကို သိနိုင်ဖို့ IEC အဖွဲ့ဝင်တွေကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေဟာ လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၄ ဦးကို ခေါ်ထုတ်ခဲ့ပါတယ်။

တက္ကသိုလ်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို တိုက်ပွဲအတွင်းကနေ ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးတာလို့ KNPP က ပြောပါတယ်။ အဲဒီ နှစ်ရာကျော်ထဲက ၁၉၃ ဦးဟာ စစ်ကောင်စီရဲ့ ယန္တရားတွေမှာ မပါဝင်ကြောင်း ကတိခံဝန်ချက် လက်မှတ်ရေးထိုးပြီးနောက် IEC က ကရင်နီပြည်နယ်ပြင်ပကို နယ်နှင်ဒဏ်ပေးလိုက်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ KNPP နဲ့ PDF အဖွဲ့တွေက လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမတွေနဲ့ မိသားစုဝင်တွေကို ဖမ်းသွားတာလို့ စွပ်စွဲခဲ့ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့ကတော့… ဖမ်းခံခဲ့ရသူတွေထဲက ၁၉၃ ဦး ပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ ၁၁ ဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပြီး သူတို့လွတ်မြောက်ဖို့ ကြိုးစားသွားမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကတစ်ဆင့် ပြောဆိုခဲ့ပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က... ကယားပြည်နယ်(ကရင်နီပြည်)မှာ စစ်ရေးအရှိန်ပိုမြင့်လာမှာဖြစ်တာကြောင့် စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေအားလုံး တော်လှန်ရေး အင်အားစုတွေနဲ့ အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။