နန်းဖဲ-ဖားဆောင်းလမ်းကို ပြည်သူတွေ မသွားလာဖို့ IEC ကြေညာ
2025.03.05

ကယား (ကရင်နီ) ပြည်နယ် ဘောလခဲမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် မော်ချီးဒေသကို ကုန်စည်ကူးသန်းရောင်းဝယ်သွားလာနေတဲ့ ပြည်သူတွေအနေနဲ့ နန်းဖဲ-ဖားဆောင်းလမ်းပိုင်းကို မတ်လ ၄ ရက်နေ့ကပြီး အသုံးမပြုကြဖို့ ကရင်နီပြည်ကြားကာလအစီအမံ (IEC) ပြည်ထဲရေးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးအရ သွားလာခွင့် ပိတ်ပင်ထားတာဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအစီအမံ (IEC) အတွင်းရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။
"လောလောဆယ် လုံခြုံရေးအခြေအနေကြောင့်ပါ။ စစ်ကောင်စီက ဘောလခဲ နန်းဖဲ-မဲ့စလောင်းတောင် အဲဒီဘက်ကို အခုတလော စစ်ကြောင်းပြန်ထိုးလာတဲ့ အခြေအနေရှိလို့ပါ"
စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် လုံခြုံရေးအရ မော်ချီးဒေသကို ကုန်စည်ကူးသန်းသွားလာနေတဲ့ ယာဉ်တွေ ရပ်နားထားပြီး စစ်ရေးအခြေအနေရ သွားလာခွင့်ပြုတဲ့ ကြေညာချက်ထုတ်ပြန်မှသာ ပြည်သူလူထုကို ပြန်လည်အသုံးပြုခွင့်ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ဒီနှစ်ပိုင်းအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကိုလည်း ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတွေက မတ်လ ၄ ရက်နေ့က ပြောပါတယ်။
ကယားပြည်နယ်အတွင်းက နယ်မြေ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတယ်လို့ IEC က ပြောဆိုထားပြီး သိမ်းထားတဲ့မြို့တိုင်းမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ မိခင်နဲ့ ကလေး အစရှိတဲ့ဌာနတွေဖွင့်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။