ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေ ထိန်းသိမ်းထားကြောင်း IEC ပြော

RFA Burmese
2024.07.17
ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေ ထိန်းသိမ်းထားကြောင်း IEC ပြော လွိုင်ကော်မြို့ရှိ ယဉ်ကျေးမှုပြတိုက်အား တွေ့ရစဉ်။
Citizen Photo

ကယားပြည်နယ် လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေ ပျောက်ပျက်ဆုံးရှုံးမှာစိုးရိမ်ရတာကြောင့် အရေးပေါ်ရွှေ့ပြောင်းထိန်းသိမ်းထားကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

အခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်က တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေ ခိုးယူခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အခုလို သတင်းထုတ်ပြန်လာတာပါ။

လွိုင်ကော် ယဉ်ကျေးမှုပြတိုက်မှာရှိတဲ့ ရိုးရာအသုံးအဆောင်တွေ၊ ရိုးရာတူရိယာတွေ၊ ရိုးရာလက်နက် ကိရိယာတွေ၊ ရိုးရာအဆင်တန်ဆာပစ္စည်းတွေ၊ ဖားစည်တွေ အစရှိတဲ့ ရိုးရာပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းထိန်းသိမ်းထားတယ်လို့ ပြောထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ "တစ်လေးလုံးစစ်ဆင်ရေး" အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အများပြည်သူပိုင် အဆောက်အအုံတွေနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေအပါအဝင် ထိခိုက်ပျက်စီးခဲ့ပြီး မသမာသူတွေရဲ့ ဖောက်ထွင်းခိုးယူတာတွေကြောင့် အများပြည်သူပိုင်ပစ္စည်းတွေ ပျောက်ဆုံးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီယဉ်ကျေးမှုသမိုင်းအစဥ်အဆက် ကရင်နီနယ်တွေကို အုပ်ချုပ်ခဲ့ကြတဲ့ စော်ဘွားတွေနဲ့ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုတွေ တန်ဖိုးထားခဲ့ကြတဲ့ ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဥ်ကျေးမှု ပစ္စည်းတွေကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ဖို့လည်း ကရင်နီပြည်သူတွေအနေနဲ့ အပြည့်အဝတာဝန်ရှိတဲ့အကြောင်း ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။