ခရီးသည်လေယာဉ် လွိုင်ကော်လေဆိပ်အဆင်း ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရ

2022.09.30
ခရီးသည်လေယာဉ် လွိုင်ကော်လေဆိပ်အဆင်း ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရ ကယားပြည်နယ် လွိုင်ကော်လေဆိပ်အဆင်းမှာ ပစ်ခတ်ခံရသည့် လေယာဥ်​ပေါ်မှ ကျည်ထိမှန်နေရာကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ရစဉ်။
Photo: Kyaw Ko Ko Tin

စက်တင်ဘာ ၃၀ ရက် ဒီနေ့ မနက်ပိုင်းက ရန်ကုန်ကနေ ကယားပြည်နယ် မြို့တော် လွိုင်ကော်ကို ထွက်ခွာလာတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ လွိုင်ကော်လေဆိပ်အဆင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ခရီးသည်တစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ခရီးသည်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု ရှိ၊ မရှိ အတိအကျ မသိရသေးဘူးလို့ လွိုင်ကော်ဒေသခံ ကိုသိုင်းက ဒီနေ့ မနက်ပိုင်းက RFA ကို ပြောပါတယ်။

“ရန်ကုန်ကနေ လာပြီးတော့ လွိုင်ကော်ကို လေယာဉ်အဆင်းမှာ အပစ်ခံရတာ။ တစ်ယောက် ထိတယ်လို့ သိရတယ်။ သေ၊ မသေတော့ တိတိကျကျ မသိရဘူး။ ခရီးသည်တင် လေယာဉ်ပါ။ ဒီမနက်ပိုင်းမှာ ဖြစ်တာ”

လူမှုကွန်ရက် ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေအရ ခရီးသည်တင် လေယာဉ် ပေါ်က ထိုင်ခုံပေါ်မှာ သွေး၊ ပတ်တီးနဲ့ တစ်သျှုးစတွေ တွေ့ရသလို လေယာဉ်ကြမ်းပြင် ပေါ်မှာ ကျည်ဆန်ဖောက်ဝင်ရာလို့ ယူဆရတဲ့ အပေါက်ရာကိုလည်း တွေ့ရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာခင် ဒီနေ့မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ချက်ချင်း သတင်းထုတ်ပြန်ရာမှာ ခရီးသည် ၆၃ ဦး လိုက်ပါလာတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ဟာ ဒီနေ့ မနက် ၈ နာရီ ၄၅ မိနစ်က လွိုင်ကော်လေဆိပ်ကို ဆင်းသက်ဖို့ ပြင်နေစဉ် အမြင့်ပေ ၃၅၀၀ ခန့်မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ကရင်နီ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

လေယာဉ်ရဲ့ဘယ်ဘက် ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ပြီး လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည်တစ်ဦးရဲ့ ညာဘက်ပါးပြင်ကို ကျည်ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကရင်နီဒေသ ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူ ခူးရီဒူးကို ဆက်သွယ် မေးမြန်းတဲ့အခါ လေယာဉ်အပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာ မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

လေယာဉ်ပစ်ခတ်ခံရပြီးတဲ့နောက် စစ်ကောင်စီက လွိုင်ကော်လေယာဉ်ကွင်း အနီးတစ်ဝိုက်၊ လွိုင်ကော်မြို့လယ်နဲ့ မြို့အဝင်အထွက်တွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ်ရရှိတဲ့ သတင်းတွေအရ ဒီပစ်ခတ်မှုကြောင့် လွိုင်ကော်ကို ပြေးဆွဲမယ့် ခရီးစဉ် အားလုံးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းက ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။