ရေဘေးဒဏ်ခံ အဖွဲ့ဝင်တွေကို NLD ငွေကြေးထောက်ပံ့
2010.10.31

ဒီကနေ့ နေ့လည်ပိုင်းမှာ NLD တိုင်းစည်းအဖွဲ့ဝင်တွေနဲ့ အတူ အားလုံးပူးပေါင်းပြီး ထွန်တုံးရပ်ကွက်မှာ ရေဘေးကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ NLD အဖွဲ့ဝင်တွေကို ကူညီနေတယ်လို့ ထွန်တုံးရပ်ကွက် NLD အဖွဲ့ဝင် တဦးက အာရ်အက်ဖ်အေကို ပြောပါတယ်။
“အဲဒီတုန်းက ထွန်တုံး၊ မြရည်နန္ဒာ NLD အဖွဲ့ဝင်တွေ ရေဝင်ခဲ့တဲ့ မိသားစုလေးတွေကို လာရောက်ပြီး အားပေးစကား ပြောကြားရင်း အကူအညီ လာပေးတာပါ။ တအိမ်ထောင်စုကို ၂ သောင်းခွဲနှုန်း အကူအညီ ပေးနေပါတယ်ခင်ဗျ။ ဦးသိန်းအောင် မိသားစု၊ ဦးတင်ဦး မိသားစု၊ ဦးလှသိန်း မိသားစု အပါအဝင်ပေါ့၊ အားလုံး မိသားစု ၁၃ ဦးပါ”
အဲဒီအထဲမှာ ထွန်တုံးရပ်ကွက် NLD အဖွဲ့ဝင် ၁၁ ဦး၊ အမရပူရမြို့နယ်က တဦးနဲ့ ပြည်ကြီးတံခွန်မြို့နယ်က တဦး ဖြစ်ပါတယ်။ အခု အကူအညီပေးတဲ့ ငွေသုံးသိန်းခွဲဟာ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုအမျိုးသမီးအဖွဲ့နဲ့ တိုင်း စည်းရုံးရေးအဖွဲ့တွေ ပေါင်းပြီး လှူဒါန်းတဲ့ငွေ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့ အဲဒီနေရာတွေကို ခါတိုင်းနှစ်တွေကလည်း ရေဝင်တာတွေ ရှိခဲ့ပေမယ့် အခုနှစ်လောက် မဆိုးဝါးဘူးလို့ သိရပါတယ်။ ဒီလို ဖြစ်ရတာဟာ အာဏာပိုင်တွေရဲ့ တာဝန်မကင်းကြောင်း စောစောက NLD အဖွဲ့ဝင်က ဆက်ပြောပါတယ်။
”ကျနော်တို့ ဒီဘက်မှာ နေလာတာ အနှစ်၂၀ ရှိပြီ။ အဲဒီအနှစ် ၂၀ မှာ ဒီလို ရေဘေးမျိုး တခါမှ မတွေ့ဖူးဘူး။ ကျနော်တို့ ပြောချင်တာက တကယ့်တကယ် ဒီရေထုနဲ့ ဆိုရင်- ရေကတော့ ဘယ်လောက်လောက် တက်နိုင်တယ်၊ မိုးရေချိန်နဲ့ပေါ့နော်။ အဲဒီ အချိန်အတောအတွင်း မိုးရေ ဘယ်လောက်ဘယ်လောက် တက်နိုင်ပါတယ်၊ အဲဒီ အတောအတွင်း အန္တရာယ် ရှိနိုင်တဲ့အတွက် မြန်မြန် ထွက်ခွာကြပါ၊ လွတ်ရာကျွတ်ရာ သွားကြပါ- ဒီလိုကြေညာချက် တခုမှ ထွက်မလာဘူးဗျ”
အောက်တိုဘာလ အစောပိုင်းက မန္တလေးမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဆည်တော်ကြီး၊ ဆည်တော်လေး ဆည်တွေက ရေမထိန်းသိမ်းနိုင်တော့ဘဲ ဖောက်ချလိုက်ရာက မန္တလေးမြို့ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ အောင်မြေသာစံ စတဲ့ မြို့နယ်တွေ ရေကြီးခဲ့တဲ့အတွက် လူအမြောက်အမြား ဒုက္ခ ရောက်ခဲ့ကြရပါတယ်။