ပုဒ်မ၁၄၄ထုတ်ထားတဲ့ တောင်တွေပေါ် လက်ပန်းတောင်းဒေသခံတွေ စခန်းချ


2013.03.08

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး ဆက်လက်တောင်းဆိုနေကြတဲ့ ဒေသခံ ၁၀၀ နီးပါးလောက်ဟာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေထဲက လိပ်ခွံတောင်နဲ့ အင်ကြင်းတောင်တွေပေါ်မှာ မတ်လ ၇ ရက် မနေ့ညက စပြီးစခန်းချ နေထိုင်နေကြပါတယ်။

လက်ပန်းတောင်းတောင်ဒေသ တောင်ပေါင်း ၃၃ လုံးထဲမှာ အပါအဝင်ဖြစ်တဲ့ လိပ်ခွံတောင်နဲ့ အင်ကြင်းတောင်တွေပေါ်ကို မနေ့ညက ရာဂဏန်းအတော်များများရှိတဲ့ ဒေသခံတွေဟာ တောင်သိမ်းပွဲအဖြစ် ကျင်းပကြပြီး ရွာသားတစ်ရာခန့်က  အဲဒီတောင်တွေပေါ်မှာ ညအိပ်စခန်းချနေခဲ့ကြတာလို့ ဒေသခံတွေနဲ့အတူရှိနေတဲ့ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသား ကိုသောင်းထိုက် က RFA ကို ပြောပါတယ်။

မတ်လ ၈ ရက် ဒီကနေ့မနက်မှာ အာဏာပိုင်တွေနဲ့ လုံထိန်းတပ်ဖွဲ့ဝင်တွေ အပါအဝင် ဦးပိုင်ကုမ္ပဏီ တာဝန်ရှိသူတွေက အဲဒီဒေသခံတွေ စခန်းချနေတဲ့နေရာကို ရောက်လာပြီး သက်ဆိုင်ရာ ကျေးရွာတွေဆီ ပြန်သွားကြဖို့ ပြောဆိုခဲ့တဲ့အကြောင်း ဆည်တဲရွာသူ မဝင်းဝင်းဌေးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း သပိတ်စခန်းဖွင့်ထားတာ ၃ လလောက် ကြာနေပြီဖြစ်တဲ့ တုံရွာကို ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ သက်တမ်းထပ်မံတိုးကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ လက်ပန်းတောင်းဒေသခံတစ်ချို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အစိုးရကအင်အားသုံးဖြိုခွဲခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ ပျက်ကွက်တဲ့အတွက် မတ်လ ၄ ရက်နေ့က သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ဆားလင်းကြီးမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။