KIA ကို လီဆူတိုင်းရင်းသားတွေ မြစ်ကြီးနားမှာ ဆန္ဒပြ
2019.06.03

လီဆူလူမျိုးတွေကို မတရားဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေကို ကချင်လွတ်မြောက်ရေးတပ်မတော်( KIA) အနေနဲ့ တရားဝင်တောင်းပန်ပေးဖို့ ဒီကနေ့ မြစ်ကြီးနားမြို့မှာ လီဆူလူမျိုးတစ်ထောင်ခန့် လမ်းလျှောက်ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
KIA အနေနဲ့ ပြည်သူလူထုနဲ့ လီဆူလူမျိုးတွေအပေါ် မတရားဖမ်းဆီးနှိပ်စက်တာတွေ ဆက်မလုပ်ဖို့ တာဝန်ယူ တာဝန်ခံတဲ့ ကတိကဝတ်ရရှိဖို့၊ သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေကို နစ်နာကြေးနဲ့ ဘာသာရေးဓလေ့ထုံး တမ်းစဉ်လာ လူမှုရေးထုံးတမ်းစဉ်လာတွေ ဆောင်ရွက်ပေးဖို့နဲ့ တပ်သားစုဆောင်းတာတွေ မလုပ်ပေးဖို့ ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဠ ဦးရွှေမင်းက ပြောပါတယ်။
ဆန္ဒပြတောင်းဆိုရာမှာ လီဆူအမျိုးသားအရေးကြိုးပမ်းမှု အောင်ရမည်၊ KIA/KIO သောင်းကျန်သူအဖွဲ့ လီဆူလူမျိုး အပေါ် လူမျိုးရေးဦးတည်ချက်တိုက်ခိုက်မှု ချက်ချင်းရပ်၊ မတရားဆက်ကြေးကောက် လူဖမ်း၊ ငွေညှစ် KIA/ KIO အလိုမရှိဆိုတဲ့စာသားပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်က လီဆူလူမျိုးတွေနဲ့ တချို့သျှမ်းမျိုးနွယ်စုတွေလည်း ပါဝင်ခဲ့တာပါ။
လီဆူတိုင်းရင်းသားတွေအနေနဲ့ အခုလို ဆန္ဒပြပွဲကို ၂၀၁၇ ခုနှစ်မေလက မြစ်ကြီးနားမြို့မှာ လမ်းလျှောက်ဆန္ဒပြ တာတွေ ရှိခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။