လီဆူတွေကို KIA သတ်ဖြတ်မှု မြစ်ကြီးနားမှာ ရှုတ်ချပွဲကျင်းပမည်


2019.06.01
lisu-press-622.jpg လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က မြစ်ကြီးနားမြို့မှာ ၂၀၁၉၊ ဧပြီ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်
Photo: Citizen Journalist

လီဆူတိုင်းရင်းသားတွေကို KIA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာတွေကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ဇွန်လ သုံးရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

လီဆူတိုင်းရင်းသားတွေကို KIA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေကို တရားဝင် တောင်းပန်ချက် ထုတ်ပြန်ပေးဖို့နဲ့ နောက်နောင် ဖမ်းဆီးသတ်ဖြတ်တာတွေ မလုပ်တော့ဘူးဆိုတဲ့ အချက်တွေကို KIA အဖွဲ့အနေနဲ့ ကတိကဝတ်ပြုဖို့ အဓိကတောင်းဆို ဆန္ဒပြမှာဖြစ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက RFA ကို ပြောပါတယ်။

အဲဒီ နှစ်ချက်အပြင် KIA အဖွဲ့အနေနဲ့ လီဆူတိုင်းရင်းသားတွေကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာတွေ မလုပ်ဖို့နဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ လီဆူတိုင်းရင်းသားတွေအတွက် နစ်နာကြေးပေးဖို့ ဆိုတဲ့ အချက်လေးချက်ကို KIA/ KIO အဖွဲ့ထံ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့မှာ ဒူးလေးပါတီက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

အဲဒီအချက်တွေထဲက KIA က ဖမ်းဆီးထားစဉ် အသက်သေဆုံးခဲ့ရတဲ့ လီဆူတိုင်းရင်းသား သုံးဦးအတွက် တစ်ဦးကို ကျပ်သိန်း ၁၅ဝ၊ နှိပ်စက်ရိုက်နှက်ခံရသူတစ်ဦးကို ဆေးကုသကြေးအဖြစ် ကျပ်သိန်း ၄ဝ နစ်နာကြေးပေးဖို့ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့မှာ KIA အဖွဲ့က သဘောတူညီခဲ့ပါတယ်။

ဒါကြောင့် ကျန်ရှိနေတဲ့ အချက်သုံးချက်ကို ရရှိဖို့အတွက် တရားဥပဒေနဲ့အညီ ဆက်လက်တောင်းဆိုသွားမှာဖြစ်ကြောင်း ဒူးလေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး KIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

လီဆူတိုင်းရင်းသားသုံးဦးကို သတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ KIA တပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။