သင်္ကန်းကျွန်း စာဖတ်ခန်း ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်
2011.09.23

Photo: RFA
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီကနေ့ မနက် ၁၀ နာရီမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတဲ့ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် ဇ/မြောက်ရပ်ကွက် လေးထောင့်ကန်လမ်းက အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်ပွဲမှာ အခုလို ပြောကြားတာလို့NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင် က ပြောပါတယ်။
လူငယ်တွေမှာ အချိန်များစွာရှိပြီး ရှေ့ဆက်ပြီး နိုင်ငံတာဝန်ကို ထမ်းဆောင်ရမဲ့သူတွေ ဖြစ်ကြောင်း၊ ဗဟုသုတနဲ့ အသိအမြင် ကြွယ်ဝအောင် လုပ်ဆောင်ရာမှာ စာဖတ်ခန်းတွေရဲ့ အခန်းက အရေးပါကြောင်း၊ ဒါကြောင့် စာဖတ်ခန်းတွေ အတွက် လှူဒါန်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားကြောင်း ဦးအုန်းကြိုင် က ပြောပါတယ်။
အခမ်းအနားကို လူထု ပရိသတ် တထောင့်ငါးရာလောက် တက်ရောက်ကြပြီး ဒေါ်အောင်ဆန်းစုကြည်က စာဖတ်ခန်း ဖွင့်ထားတဲ့ ပထမထပ်ကနေ အသံချဲ့စက်နဲ့ အမှာစကား ပြောကြားပါတယ်။
NLD ဒုတိယဥက္ကဌ ဦးတင်ဦးကလည်း စာဖတ်ခန်းတွေရဲ့ အရေးပါပုံကို ပြောကြားပါတယ်။ ပဲခူးနဲ့ သနပ်ပင်မြို့တွေမှာ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းတွေ ဖွင့်လှစ်ထားတာ အောင်မြင်တဲ့ အတွက် သင်္ကန်းကျွန်း မြို့နယ် NLD စည်းရုံးရေး ကော်မတီက တာဝန်ယူပြီး အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်လှစ်တာလို့ ဆိုပါတယ်။
စာဖတ်ခန်းဖွင့်ပွဲမှာ စေတနာရှင်တွေက ကျပ်ငွေ သိန်း ၄၀ လောက် လှူဒါန်းပြီး သင်္ကန်းကျွန်း စည်းကော်မတီ ကိုယ်စား ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ကျေးဇူးတင်စကား ပြောကြားပါတယ်။
စာဖတ်ခန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ သုတစာပေ၊ သမိုင်းစတဲ့ ကဏ္ဍစုံ စာအုပ်တွေရှိပြီး ကွန်ပျူတာနဲ့ ဖတ်ရှုနိုင်တဲ့ e-library ပါရှိတယ်လို့လည်း သိရပါတယ်။