အဖွဲ့တွေအားလုံးပါဝင်မှ NCA လက်မှတ်ရေးထိုးမည်


2015.06.08
lawkhelar-620.jpg KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးဒေသမှာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က စတင်ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကို တွေ့ရစဉ်
Photo: RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ အစိုးရနဲ့လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားအဖွဲ့တွေ အပါအဝင်အားလုံးပါဝင်မှ အဖွဲ့အားလုံးက လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ညီလာခံ ၇ ရက်မြောက်နေ့ ဒီနေ့ ဆုံးဖြတ်နိုင်ခဲ့တာလို့ ညီလာခံကျင်းပရေးကော်မတီဝင် KNU တွဲဘက်အတွင်းရေးမှူး ပဒိုမန်းမန်း က ပြောပါတယ်။

"ကျနော်တို့ အခုကျင်းပတဲ့ ထိပ်သီးအစည်းအဝေး အခြေခံအားဖြင့်က NCCT အဖွဲ့ဝင် ၁၆ ဖွဲ့ NCA လက်မှတ်ထိုးမယ်ဆို ပါဝင်ရမယ်ပေ့ါနော်၊ ဒါက ထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်ချက်ဖြစ်ပါတယ်"

ဒီညီလာခံကနေ အစိုးရနဲ့ ဆွေးနွေးနိုင်ဖို့ အပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေးအဖွဲ့တစ်ခုကို ထပ်မံဖွဲ့စည်းလိုက်ပြီး အဲ့ဒီမှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်မယ်လို့ ပဒိုမန်းမန်း က ပြောပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပြင်ဆင်ထည့်သွင်းဖို့ အချက် ၁၀ ချက်ကျော် ရရှိခဲ့တာကြောင့် ဒီအချက်တွေကို အစိုးရဖက်က သဘောတူနိုင်ရင် အပစ်ရပ်စာချုပ်လက်မှတ်ကို အမြန်ဆုံးထိုးနိုင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

ညီလာခံကျင်းပရေးကော်မတီဝင် KNU တွဲဘက်အတွင်းရေးမှူး ပဒိုမန်းမန်း ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။