မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု တားမြစ်ရေးမှာ အာဆီယံပါဝင်ဖို့ Fortify Rights အဖွဲ့တိုက်တွန်း

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ကမ္ဘာ့လက်နက်ကုန်သွယ်ခွင့် တားမြစ်မိန့်ကို ထောက်ခံအားပေးပြီး မြန်မာစစ်ကောင်စီတပ်ကို လက်နက်နဲ့ နည်းပညာ ရောင်းချတာတွေကို တားမြစ်ဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ကယားပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် မေလကနေ ဒီနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ မြန်မာစစ်တပ်ဘက်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အကြောင်း သက်သေ အထောက်အထားတွေနဲ့ တင်ပြထားတဲ့ စာမျက်နှာ ၃၆ မျက်နှာပါတဲ့ Fortify Rightsအဖွဲ့ရဲ့ နှစ်ချုပ် အစီရင်ခံစာတစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပြီး အာဆီယံကို တိုက်တွန်းခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်သူတွေကို ကမ္ဘာ့ဈေးကွက်က ဝယ်ယူထားတဲ့ လက်နက်တွေနဲ့ သတ်ဖြတ်တာတွေ လုပ်နေလို့ ဒီလုပ်ရပ်တွေကို ရပ်တန့်အောင် နိုင်ငံတကာက ခိုင်မာပြတ်သားတဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ဖို့ လိုအပ်တယ်လို့လည်း Fortify Rights အဖွဲ့ရဲ့ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ismail Wolff က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ဒီကနေ့စပြီး ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်ခင် တစ်ရက်အလိုမှာ အာဆီယံကို တိုက်တွန်းတဲ့ အစီရင်ခံစာကို Fortify Rights အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူမခံရဘဲ ကျူးလွန်ခဲ့သလို တခြားလူမျိုးစု တိုင်းရင်းသားတွေအပေါ်မှာလည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန် နေတာကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း Fortify Rightsကဆိုပါတယ်။
အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံကို အဓိကလက်နက်တင်ပို့နေတဲ့ နိုင်ငံတွေ မဟုတ်ပေမယ့်လည်း ပြည်သူတွေကို စစ်တပ်က နှိပ်စက်လို့ ဖြစ်လာတဲ့ နောက်ဆက်တွဲ အခြေအနေဆိုးတွေကို ကြုံနေရတဲ့ နိုင်ငံတွေ ဖြစ်တာကြောင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု တားမြစ်ရေးကို အာဆီယံက ထောက်ခံအားပေးမယ်ဆိုရင် ဒါဟာ ဗျူဟာမြောက် လုပ်ဆောင်ချက် ဖြစ်လိမ့်မယ်လို့လည်း Fortify Rights အဖွဲ့က တိုက်တွန်းထားပါတယ်။