လောက်ကိုင်မြို့မှာ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှုဖြစ်၊ ထိခိုက်သေဆုံးမှုရှိ
2023.06.24

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဇွန်လ ၂၃ ရက်မနေ့ည ၈ နာရီဝန်းကျင်က ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့အချင်းချင်း နာရီဝက်ခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီမှာနေထိုင်သူတစ်ဦးကတော့ ထိခိုက်သေဆုံးသူ ၁၀ ဦးခန့် ရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“သေနတ်အသံတော့ သိပ်မကြားရဘူး။ ဗုံးခွဲတာတော့ အဆောင်ကနေတောင် ကြားရ တယ်။ ဒဏ်ရာရတဲ့သူရော၊ သေတဲ့သူတွေ ၁၀ ယောက်လောက်ရှိတယ်လို့ကြားတယ်။ ကုမ္ပဏီတစ်ခုရဲ့ သူဌေးနဲ့ နောက်ကုမ္ပဏီတစ်ခုရဲ့ သူဌေးက မတူဘူးလေ။ ဘယ်လိုက စဖြစ်တာလဲတော့မသိဘူး ”
လောက်ကိုင်မြို့မှာ ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့အချင်းအချင်း အခုလို အပြန်အလှန် ပစ်ခတ်မှု မကြာခဏ ဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း နည်းပညာသမား အမျိုးသမီးဝန်ထမ်း တစ်ဦးကို သူဌေးနှစ်ဦး လုရာက အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ညက ဘယ်အဖွဲ့တွေ ဖြစ်ခဲ့တာလဲဆိုတာနဲ့ ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောသလို RFA အနေနဲ့လည်း သီးခြားအတည်မပြု နိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဒါ့အပြင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ သတင်းမီဒီယာဖြေကြားခွင့်ရှိသူ ဦးရန်နိုင်ကို ဆက်သွယ်ရာမှာလည်း ဖုန်းမကိုင်ပါဘူး။
ပြည်တွင်းသတင်းမီဒီယာတချို့မှာတော့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ကြားတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ရေးသားဖော်ပြကြပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ကစလို့ ဇွန်လ ၆ ရက်နေ့အထိ ကိုးကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ MNDAA ဘက်က ဇွန်လ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။