လက်ပံတောင်း အကြမ်းဖက်ဖြိုခွင်းမှု ၂ နှစ်ပြည့် ရန်ကုန်မှာဆန္ဒပြ
2014.11.29

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရမှု ဒီနေ့ ၂ နှစ်ပြည့်မှာ အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။
လက်ပံတောင်းတောင်ဒေသက မြေယာပြဿနာတွေကို အစိုးရကတာဝန်ယူဖြေရှင်းပေးဖို့ အရပ်ဘက်အဖွဲတွေ စုပြီး သဘောထား ထုတ်ပြန်တောင်းဆိုတာလို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီကွန်ရက်က နော်အုန်းလှက အခုလိုပြောပါတယ်။
"မီးလောင်ဗုံး နှစ်နှစ်ပြည့်မှာ အရပ်ဖက်အဖွဲ့အစည်း ၃၄ ဖွဲ့ကနေပြီးတော့ ဒါကို သဘောထားထုတ်ပြန် ပြီးတော့ ဒီဟာနဲ့ပတ်သက်လို့ လက်ရှိအခြေအနေကို အစိုးရကနေပြီးတော့ တာဝန်ယူပေးဖို့နော်"
အဖွဲ့အစည်းတွေ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ သဘော ထားကြေညာချက်မှာ လက်ပံတောင်းသပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ မြေယာလျော်ကြေးမယူသေးတဲ့ ယာတွေထဲကို အဓမ္မခြံစည်းရိုးစိုက်တာတွေကို ဖြေရှင်းပေး ဖို့၊ မြေယာတွေ အဓမ္မသိမ်းပိုက်နေမှုတွေကို ကန့်ကွက်ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို အသစ်ပြန် လည်ရေးဆွဲပေးဖို့ စတဲ့အချက် ၁၀ ချက်ကို ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။
သဘောထားထုတ်ပြန်ချက်ကို ပြည်သူ့အကျိုးဆောက်ကွန်ရက်၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားများအဖွဲ့၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လက်ပံတောင်း ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကွန်ရက်၊ ရွှေဝါရောင်သံဃာကွန်ရက်၊ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ ၊တောင်သူလယ်သမားကွန်ရက် စတဲ့ အဖွဲ့အစည်း ၃၄ ဖွဲ့က သဘောတူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အလားတူ မန္တလေး၊မိတ္ထီလာ၊မြင်းခြံ၊မုံရွာစတဲ့ မြို့တွေမှာလည်း သပိတ်ခန်းဖြိုခွဲမှု ၂နှစ် ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။