လက်ပံတောင်းမှာ ထပ်မံထိပ်တိုက်တွေ့
2014.07.26

လက်ပံတောင်းတောင်ဒေသမှာ ရဲတပ်ဖွဲ့နဲ့ဒေသခံတွေ ဒီနေ့ထပ်ပြီးထိပ်တိုက်တွေ့ကြတယ်လို့သိရပါတယ်။
အဆောက်အဦးတွေမရှိတဲ့နေရာမှာ နွားတွေ သိုးတွေကျောင်းခွင့်ပြုဖို့ ပြီးခဲ့တဲ့ ၂၃ ရက်နေ့ မှာ ဒေသခံတွေက အုပ်ချုပ်ရေးရုံးကို တောင်းဆိုခဲ့ပေ မဲ့ မြေယာလျော်ကြေးမယူထားတဲ့ လယ်ဧက ၆ ထောင်ကျော်မှာ ဒေသခံတွေ ထွန်ယက်စိုက်ပျိုးခွင့် မရှိတော့ဘူးလို့ ဆားလင်းမြို့နယ်အုပ်ချုပ်ရေးမှူးက မနေ့က ညွှန်ကြားချက်ထုတ်ပြန်လိုက်တဲ့အတွက် ဒေသ ခံတွေကြား မကျေမနပ်ဖြစ်ကြသလို၊ နွားတွေအတွက် လည်း စားကျက်မြေမရှိတော့တဲ့အတွက် အခက် အခဲဖြစ်နေကြတယ်လို့ ရွာသားတွေက ပြောပါတယ်။။
ဒါကြောင့် နွားစားကျက်မြေဖွင့်ပေးဖို့တရုတ်ဝမ်ပေါင်နဲ့ဦးပိုင်ကုမ္ပဏီတို့ကို ရွာသားတွေက အရေးဆိုဖို့သွားတဲ့အခါ ရဲတပ်ဖွဲ့တွေနဲ့ဒေသခံတွေ အပြန်အလှန်ထိပ်တိုက်တွေ့တာဖြစ်တယ်လို့ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီနေ့တော့ ကိုယ်တိုင်သွားပြီးတော့ ဝမ်ပေါင်ကလူတွေနဲ့ တွေ့ပြီးတော့ တောင်းချင်ပါတယ် ဆိုပြီးတော့လာတာ ခင်ဗျ၊ လာပြီးတောင်းတဲ့အခါ သူတို့က လုံးဝမဖွင့်ပေးဘဲနဲ့ ရဲလုံခြုံရေးအင်အား အားလုံးပေါင်း ၆ဝဝ ကျော်နဲ့ ခြံစည်းရုံးပတ်ပတ်လည်ကိုစောင့်ပြီးတော့ သူတို့ဘက်ကနေပြီးတော့ ခဲနဲ့စပစ်တယ်ခင်ဗျ၊ ခဲနဲ့စပစ်တာနဲ့ ခြံစည်းရိုးကြီးကို ဖွင့်ချပြီးတော့ နွားတွေမောင်းသွင်းဖို့ လုပ်တဲ့အခါကျတော့ နွားတွေကို ပစ်သလိုလိုနဲ့ အပြင်မှာရှိတဲ့ လူထုထဲကို ခဲတွေနဲ့ပစ်တယ်ဗျ၊ အဲ့မှာကျနော်တို့ဘက်ကနေပြီးတော့လည်း လေးခွတွေ နဲ့ ပြန်ပစ်တယ်ခင်ဗျ၊ ရဲကင်းစခန်းကို ဖယ်ပေးဖို့တက်ပြောတာကို မဖယ်ပေးဘဲနဲ့ မိုးပေါ်ကို သေနတ် ၂ ချက် ထောင်ဖောက်ပြီးတော့ ကျနော်တို့ကို ခြောက်လှန့်တယ်ခင်ဗျ၊ နယ်လုံဝန်ကြီးကိုယ်တိုင်ရောက်လာပြီးတော့ ကျနော်တို့ကိုပြန်သွားဖို့ပြောတယ်"
လက်ပံတောင်းတောင်ဒေသမှာ တရုတ်ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတို့က ကြေးနီစီမံကိန်းစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အကောင်အထည်မဖေါ်သလို၊ ဒေသခံတွေရဲ့တောင်းဆိုချက်ကိုလည်း မလိုက်လျောတဲ့အတွက် နှစ်ဘက်တင်းမာနေတာ ကာလအတော်ကြာနေပြီဖြစ်ပါတယ်။