လက္ကာရွာသား ၂၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲ
2019.06.01

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ဖမ်းဆီးထားတဲ့ ရွာသား ၂၄ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ၁၉၄၉ လက်နက်ဥပဒေတွေနဲ့ အမှုဖွင့် တရားစွဲလိုက်ပါတယ်။
ဖမ်းဆီးထားတဲ့ ရွာသား ၂၄ ဦးထဲက ၂၃ ဦးကို မြောက်ဦးခရိုင် တရားရုံးမှာ မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၀ (ဈ)၊ ၅၄ တို့နဲ့ အမှုဖွင့်လိုက်တဲ့အပြင် ၁၉၄၉ လက်နက်အရေးပေါ် ယာယီ ဥပဒေပုဒ်မ ၂၁ (က) တို့နဲ့ပါ အမှုဖွင့်လိုက်တာဖြစ်ကြောင်း ဖမ်းဆီးခံထားရတဲ့ ဦးခင်မောင်စိုးရဲ့ အမျိုးသမီး ဒေါ်သိန်းလှက RFA ကိုပြောပါတယ်။
ကျန်တဲ့ အသက် ၁၄ နှစ်အရွယ် ကလေး တစ်ဦးကိုတော့ အသက်မပြည့်သေးတဲ့အတွက် မြောက်ဦး ကလေးသူငယ် တရားရုံးမှာ တရားစွဲထားတယ်လို့လည်း သိရပါတယ်။
လက္ကာရွာသား ၂၄ ဦးကို မူလက စစ်တွေရဲအချုပ်မှာ ရမန်ယူ ဖမ်းဆီးထားခဲ့ပေမယ့် မနေ့က မြောက်ဦးမြို့ကို လွှဲပြောင်းပြီး ခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်တွေရဲအချုပ်မှာ ဖမ်းဆီးထားချိန်က မိသားစုဝင်တွေ သွားရောက်တွေ့ဆုံခွင့်ရခဲ့ပေမယ့် မနေ့က မြောက်ဦးခရိုင် တရားရုံးမှာ ရုံးထုတ်ချိန်မှာတော့ မိသားစုဝင်တွေက ဖမ်းဆီးခံထားရသူတွေကို တွေ့ဆုံခွင့်မရခဲ့ဘဲ ရုံးထုတ်က ပြန်လည်ထွက်ခွာလာချိန် အချုပ်ကားပေါ် ရောက်ချိန်မှသာ စကားအနည်းငယ် ပြောဆိုခွင့်ရခဲ့တယ်လို့လည်း ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကတော့ ရဲအချုပ်မှာ ထိန်းသိမ်းထားချိန်မှာ မိသားစုဝင်တွေကို တွေ့ဆုံခွင့်ပြုထားကြောင်းနဲ့ တရားရုံးထုတ်ချိန်မှာတော့ တရားရုံး စည်းမျဉ်းစည်းကမ်းတွေအတိုင်းသာဖြစ်ကြောင်း ပြောပါတယ်။ လက္ကာကျေးရွာသားတွေကို ဘယ်မှာထိန်းသိမ်းထားလည်းဆိုတာကိုတော့ လုံခြုံရေး အခြေအနေအရ ပြောဆိုလို့မရကြောင်းလည်း ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေကတော့ လက္ကာကျေးရွာသားတွေကို မြောက်ဦးရဲအချုပ်မှာ ထိန်းသိမ်းထားတယ်လို့ ကြားသိရကြောင်း ပြောပါတယ်။
ဖမ်းဆီးထားတဲ့ ရွာသား ၂၄ ဦးရဲ့ အမှုကို လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ပါတယ်။
လက္ကာကျေးရွာသား ၂၇ ယောက်ကို ဧပြီလ ၁၀ ရက်နေ့မှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး အဲ့ဒီထဲက ရွာသား ၂၄ ယောက် AA နဲ့ ပတ်သက်တယ်ဆိုပြီး မေလ ၁ ရက်နေ့မှာ ရဲတပ်ဖွဲ့ကို လွှဲပြောင်းအပ်နှံခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူတွေကိစ္စနဲ့ ပတ်သက်လို့ မိသားစုဝင်တွေက ဧပြီလ ၂၆ ရက်နေ့မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းတို့နဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သီးသန့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ လူ ၂၄ ဦးထဲက အသက် ၁၄ နှစ်အရွယ် ကလေး တစ်ဦးနဲ့ နောက်ထပ် ရွာသား တစ်ဦးကို မကြာခင် ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် အခုအချိန် တစ်လကျော်ကြာလာတဲ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။