မိုင်းရယ်မှာ MNDAA က စစ်ဘေးဒုက္ခသည်တွေကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံတွေ ပြော

RFA Burmese
2024.07.28
မိုင်းရယ်မှာ MNDAA က စစ်ဘေးဒုက္ခသည်တွေကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံတွေ ပြော တိုက်ပွဲကြောင့် ထွက်ပြေးလာရသည့် လားရှိုးမြို့ခံများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က စဉ့်အင်ဖောင်ဆိပ်တွင် တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို မိုင်းရယ်မြို့အဝင် ဟိုယရွာမှာ တပ်စွဲထားတဲ့ ကိုကန့်တပ်ဖွဲ့ (MNDAA) က ဖမ်ဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကိုယ်ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေက ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ ပြောပါတယ်။

MNDAA တပ်ဖွဲ့ဝင်တွေက စစ်ဘေးဒုက္ခသည်တွေရဲ့ ဖုန်းနဲ့ မှတ်ပုံတင်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးသလို လူတချို့ကိုလည်း ကြိုးတုပ်ပြီး ဖမ်းဆီးထားတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမ တရုတ်လိုပြောတဲ့သူတွေက အေးဆေးဗျ။ စစ်ရှောင်ပါဆိုတော့ သွားခိုင်းတယ်။ နောက်တစ်နေရာ ရောက်တော့ ဗမာစကားပြောတဲ့ MNDAA ဝတ်စုံနဲ့ ကလေးတွေကျတော့ မရဘူး။ အသေးစိတ် စစ်နေတာ။ လူတွေက ငယ်ငယ်လေးတွေ အပြောအဆိုလည်း ကြမ်းတယ်။ ဖုန်းတွေကို သေချာကြည့်ပြီး ဟိုမေးဒီမေးနဲ့ ကြိုးတုပ်ပြီးဖမ်းထားတဲ့ သူတွေလည်း လေးငါးယောက်တွေ့ခဲ့တယ်”

စစ်ဘေးဒုက္ခသည် တချို့ရဲ့ဖုန်းတွေလည်း MNDAA တပ်ဖွဲ့က သိမ်းယူခဲ့တာရှိတယ်လို့ သူက ပြောပါတယ်။

လားရှိုးမြို့ခံအများစုဟာ တိုက်ပွဲကြောင့် နီးစပ်ရာမြို့တွေဖြစ်တဲ့ နမ့်လန်၊ မိုင်းရယ်၊ တန့်ယန်း၊ ကျေးသီး၊ တောင်ကြီးစတဲ့မြို့တွေကို တိမ်းရှောင်နေကြတာပါ။

နမ့်လန်မြို့ကနေ မိုင်းရယ်မြို့ကို သွားတဲ့လမ်းပေါ်မှာရှိတဲ့ ဆောင်ကြဲရွာမှာလည်း MNDAA တပ်ဖွဲ့က အရပ်သားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လားရှိုးကပြေးတဲ့ သူတွေက နမ့်လန်ကို လာတယ်။ နမ့်လန်မှာ အခြေအနေမကောင်းလို့ မိုင်းရယ်ဘက် သွားမလို့ကို ဆောင်ကြဲမှာ ကိုးကန့်တပ်တွေက စစ်နေတာ။ စစ်ကောင်စီတပ်က ပြေးလာတဲ့သူတွေ သတင်းရလို့ ထင်တယ်။ အရပ်သားတွေလည်း သေချာစစ်နေတာ”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ MNDAA ပြောခွင့်ရသူထံ RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

MNDAA ကတော့ သူတို့တပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်တာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့မှာ စစ်ကောင်စီတပ်တပ်နဲ့ MNDAA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်လူဦးရေ တစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။