လားရှိုးမြို့ ပြန်ထူထောင်ရေး လေကြောင်းတိုက်ခိုက်မှုက အတားအဆီးဖြစ်ကြောင်း MNDAA ပြော

RFA Burmese
2024.09.25
လားရှိုးမြို့ ပြန်ထူထောင်ရေး လေကြောင်းတိုက်ခိုက်မှုက အတားအဆီးဖြစ်ကြောင်း MNDAA ပြော လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် လားရှိုးမြို့ အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဥ်။
Facebook/ Nay Wai Soe

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲတဲ့အတွက် မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အတားအဆီး ဖြစ်စေတယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၅ ရက် မနက် ၂ နာရီကျော်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ငါးမိနစ်ကြာ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဆိုပါတယ်။ လားရှိုး ရပ်ကွက် (၁၂) နဲ့ လားရှိုး နည်းပညာတက္ကသိုလ်နဲ့ ဆက်စပ်နေတဲ့ နည်းပညာ အထက်တန်းကျောင်းနားမှာ စစ်ကောင်စီက ဗုံးလေးလုံး ဆက်တိုက် ကြဲချခဲ့တယ်လို့ MNDAA ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် အထက်တန်းကျောင်းအပြင် အနီးနားက ဘုန်းကြီးကျောင်းနဲ့ အများပြည်သူပိုင် အဆောက်အဦ ပျက်စီးသွားပါတယ်။ လူတော့ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းက မကြာခဏ ထိုးစစ်ဆင်တဲ့အတွက် အရပ်သားတွေသေဆုံးပြီး ကျောင်းတွေ၊ လူနေအိမ်တွေ၊ အများပြည်သူပိုင် အဆောက်အဦတွေ ပျက်စီးရတယ်လို့ MNDAA က ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက် (၂) မှာရှိတဲ့ ရထိုက် ဟိုတယ်နဲ့ ဖူလီလိုက် ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာလည်း လားရှိုးမိုတယ်‌‌ရှေ့နဲ့ ရပ်ကွက် (၁၂) အထက (၃) ကျောင်းရှေ့ကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။ ဒါတွေ နဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ပေမဲ့ တယ်လီဖုန်း လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါးအထိ လုပ်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာတော့ နှစ်ဆနီးပါး တိုးလာတယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

RFA ကပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁,၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူ လေးထောင်နီးပါး (၃,၈၆၆ ဦး) ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။