အာဆီယံဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေးအလေးပေးဆွေးနွေးမည်
2024.07.21

လာအိုနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးအတွင်း မြန်မာ့အရေးအလေးပေး ဆွေးနွေးဖို့ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူချက် ငါးချက်အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ အလေးပေး ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်နေ့ ကနေ ၂၈ ရက်နေ့အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပမှာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲတစ်ရပ်လည်း ပါဝင်ဖို့ရှိပါတယ်။
ဒီအစည်းအဝေးကို မြန်မာကိုယ်စားပြု ဘယ်သူတက်ရောက်ခွင့်ရမလဲ မသိသေးပါဘူး။ တော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့ပေါင်း ၃ဝဝ ကျော်ကတော့ စစ်ကောင်စီကို တက်ခွင့်မပေးဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေကိုပဲ တက်ခွင့်ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာဆီယံခေါင်းဆောင်တွေဆီ အိတ်ဖွင့်စာပို့ တောင်းဆိုထားတာပါ။
ဒီနှစ်အစောပိုင်း လာအိုမှာကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတော့ စစ်ကောင်စီ နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို စစ်အာဏာသိမ်းပြီး နှစ်လကျော်အကြာ ၂ဝ၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ ချမှတ်ခဲ့တာပါ။
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ သက်ဆိုင်သူအားလုံးတွေ့ဆုံဆွေးနွေးဖို့၊ အာဆီယံကကြားဝင် ညှိနှိုင်းဖို့၊ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့၊ အာဆီယံအထူးသံအမတ်နဲ့ သက်ဆိုင်သူအားလုံးတွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
ဒါပေမဲ့ ဒီဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အခုအချိန်ထိ လိုက်နာဆောင်ရွက်တာ မရှိလို့ အလုပ်မဖြစ်ဘူးလို့ လေ့လာသူတွေက ဝေဖန်ထောက်ပြနေပါတယ်။