ကျောက်ကမ်းပါး ပြိုကျမှု ရေမဆေးသမား ၂ဦး သေဆုံး
2016.12.13

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဝှေခါကျေးရွာအနီးက နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ အဂ္ဂ ရတနာ ကုမ္ပဏီလုပ်ကွက်ထဲမှာ မနေ့ ညနေက ကျောက်တောင်ကမ်းပါး ပြိုကျတာကြောင့် အဲဒီလုပ်ကွက် မှာ ကျောက်စိမ်းတူးဖော်နေကြတဲ့ ရေမဆေးသမားတွေထဲက နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနေရာဟာ အပေါ်ကနေ ဆက်လက်ပြိုကျနိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ ကျောက်ကမ်းပါးပြိုကျ တဲ့ နေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူးမိုင် က ပြောပါတယ်။
"ကမ်းပါးပြိုပြီးမှ သူတို့ကို ကျောက်ခဲတွေလာမှန်တာ၊ ၂ ယောက်သေတယ်၊ တစ်ယောက်ကတော့ ဒဏ်ရာရတယ်၊ ၆ နာရီ ခွဲလောက်ဖြစ်တယ်ဆိုတော့ လူတွေကတော့အများကြီးပါသွားတယ်၊ ဒါပေမဲ့ မနက်ကသွားစစ်တော့ အဲ့ ၃ ယောက်ပဲ၊ ကျန်တဲ့သူက ဘာမှမဖြစ်ဘူး၊ အဲ့နေရာကတော့ နောက် ထပ်ပြန်ဖြစ်ဖို့ရှိသေးတယ်၊ အပေါ်မှာကတော့ မြေစာပုံကြီးက အကြီးကြီးရှိသေးတယ်၊ အဓိကကတော့ ရေမဆေးသမားတွေ ဝင်တူးလို့ဖြစ်တာပေါ့"
ကျောက်ကမ်းပါးပြိုကျမှုကြောင့် ဒဏ်ရာရသူ တစ်ဦးနဲ့ သေဆုံးသူ နှစ်ဦးကို ဖားကန့်ဆေးရုံးကို သယ်ဆောင်ပြီး ကုသမှုတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့မေလကလည်း ဝှေခါ-မှော်သစ်ကုန်းကျေးရွာမှာ ကျောက်ကြောတောင်ကမ်းပါယံပြိုကျလို့ ရေမဆေးကျောက် တူးဖော်ရှာဖွေသူ ဆယ်ဦးကျော် သေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြန်မာနိုင်ငံအနှံ့က လာရောက်လုပ်ကိုင်နေသူတွေ နှစ်သိန်းဝန်းကျင် ရှိပြီး ကျောက်ကြောကမ်းပါယံတွေပြိုကျမှုနဲ့ စွန့်ပစ်မြေစာပုံပြိုကျမှုတွေကြောင့် မကြာခဏ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။