သိမ်းယူမြေဧက ၅၀၀ ကို လျော်ကြေးငွေ ထုတ်ပေး
2013.11.17
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ကြည်စုအရှေ့ကျေးရွာနဲ့ သရက်ပင်ချောင်ကျေးရွာတွေမှာ ပင်လယ်ကိုးသွယ်ကုမ္ပဏီက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၅၀၀ ကျော်အတွက် ကုမ္ပဏီဘက်ကနေ နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီး တစ်ဧကကို၂၅သိန်းနှုန်းနဲ့ လျော်ကြေးတွေပေးနေပြီလို့ ဒေသခံလယ်သမားတွေက RFA ကို ပြောပါတယ်။
ကုမ္ပဏီဖက်ကနေ လောလောဆယ်တစ်ဧကကို ၁၀ သိန်းပေးပြီး ကျန် ၁၅ သိန်းကိုတော့ လာမယ့် ၂ လအတွင်းအပြီး ပေးအပ်သွားဖို့ ကုမ္ပဏီနဲ့ လယ်သိမ်းခံ လယ်သမားတွေအကြား သဘောတူညီမှု ရယူထားတယ်လို့ ကြည်စုအရှေ့ကျေးရွာက လယ်သိမ်းခံ လယ်သမားတစ်ဦးဖြစ်တဲ့ ဦးမောင်ညိုက RFA ကို ပြောပါတယ်။
အဲဒီလယ်မြေတွေကို သိမ်းယူထားတဲ့ ပင်လယ်ကိုးသွယ် ကုမ္ပဏီအနေနဲ့ ခုလို လျော်ကြေးငွေ ပေးအပ်ရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်တဲ့ဈေးနှုန်းအတိုင်း ပေးလျော်ခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ဆိုပါတယ်။
ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံအရှေစတဲ့ မြို့နယ်သုံးမြို့နယ်က ဧကသောင်းနဲ့ချီတဲ့ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို ပင်လယ်ကိုးသွယ်၊ မက်စ်မြန်မာ ကုမ္ပဏီ၊ ဒဂုံအင်တာနေရှင်နယ်၊ ဧဒင်၊ ဆင်းရွှေလီ၊ ရွှေနဂါးမင်း၊ မြင့်ဇေယျာစတဲ့ ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၁၆ ခုက လယ်သမားတွေနဲ့ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် အကောင်ထည်ဖော်မယ်ဆိုပြီး ၂၀၀၈ ခုနစ်ကတည်းက သိမ်းယူထားခဲ့တာပါ။
အဲဒီစီမံကိန်းကို အဲဒီတုန်းကဝန်ကြီးချုပ် ဦးသိန်းစိန် လက်ရှိနိုင်ငံတော် သမ္မတရဲ့ လမ်းညွန်မှုနဲ့ အကောင်ထည်ဖော်ခဲ့တာဖြစ်ပေမယ့် လယ်သမားတွေဆီက မြေတွေမသိမ်းရဘူးဆိုတဲ့ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်ကိုလည်း ကုမ္ပဏီတွေဘက်က ဖောက်ဖျက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ ကုမ္ပဏီတွေထဲက မက်စ်မြန်မာကုမ္ပဏီတစ်ခုကသာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက သိမ်းယူထားတဲ့လယ်မြေ ဧက ၄၀၀ ကျော်အတွက် တစ်ဧကကို ၂၈ သိန်းနှုန်းနဲ့ လျော်ကြေးတွေပေးလျော်ထားခဲ့ပြီး ပင်လယ်ကိုးသွယ် ကုမ္ပဏီအနေနဲ့ ဒုတိယမြောက် လျော်ကြေးငွေ ပေးအပ်တဲ့ကုမ္ပဏီ ဖြစ်ပါတယ်။