ဂွမြို့နယ်က မြေစာရင်း ဝန်ထမ်း ၄ ဦးကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်


2019.01.10
gwa-city-622.jpg ဂွမြို့ ဆိုင်းပုဒ်ကို တွေ့ရစဉ်
Photo: Nay Min Khaing FB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနက ဝန်ထမ်း ၃ ယောက်နဲ့ အငြိမ်းစား ဝန်ထမ်း ၁ ယောက်တို့ဟာ ငွေကျပ်သိန်း ၆၃၀ အဂတိလိုက်စားထားတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က RFA ကို ပြောပါတယ်။

ဂွမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်၊ လက်ထောက် ဦးစီးမှူး ဦးမောင်မောင်လွင်၊ မြေတိုင်း-၄ ဦးကျော်နိုင်ထွန်းနဲ့ မြို့နယ်ဦးစီးမှူး (အငြိမ်းစား) ဦးဦးကျော်ဝင်း တို့ကို အမှုဖွင့်အရေးယူလိုက်တာ ဖြစ်ပါတယ်။

အရေးယူခံထားရသူတွေဟာ ဂွမြို့နယ်၊ ကမ်းသာယာကျေးရွာရှိ မြေတချို့နဲ့ပတ်သက်ပြီး မြေစာရင်းပုံစံ ၁၀၅ နဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ ၇ တို့ကို လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ၂၀၁၈ မှာ အသစ်ထပ်မံ ထုတ်ပေးပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ မြေကွက်ပိုင်ရှင်တွေဆီက အဂတိလိုက်စားမှုကျူးလွန်ခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီကို တိုင်ကြားခဲ့ တာကြောင့် အမှုဖွင့်အရေးယူခံရတာလို့လည်း သိရပါတယ်။

သူတို့ကို လက်ရှိမှာ သံတွဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး က ပြောပါတယ်။

"လောလောဆယ်တော့ ကျနော်တို့က သူတို့ကို တရားရုံးမှာ ရမန်ယူပြီးတော့ သံတွဲမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်"

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဂွမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ေ၀ က အခုလို ရှင်းပြပါတယ်။

"မြေစာရင်းတို့ ဘာတို့က ဒေသခံတွေနဲ့ မြေဝယ်ယူတဲ့သူဌေးနဲ့ မြေအရောင်းအဝယ်လုပ်တဲ့နေရာမှာ ပုံစံ ၇ ထဲမှာရှိတဲ့မြေထက် မြေပြင်အခြေအနေမှာ ကွက်တိမကျဘဲနဲ့ နည်းနည်းပိုလျှံနေတာမျိုးတွေရှိတာပေါ့၊ အဲဒါတွေကို သူတို့ ပုံစံ ၇ ထဲမှာ ပါအောင်လုပ်တာလား၊ ဒီပုံစံ ၇ ထဲမှာ ထည့်သွင်းတာ၊ မသွင်းတာတော့ ကျနော်တို့ မသိဘူးပေါ့၊ ဒါမှမဟုတ် ဒေသခံရောင်းတဲ့သူက ကိုယ့်ပိုင်ဆိုင်မှုရှိတဲ့မြေဧရိယာထက် ပိုတဲ့ငွေရဖို့ ပိုတဲ့မြေကို မြေစာရင်းနဲ့ အပေးအယူတွေလုပ်ပြီးတော့ မြေအရောင်းအဝယ်တွေဖြစ်သွားတယ်လို့ ယေဘုယျအားဖြင့် သိရတယ်လေ"

မြို့နယ်ဦးစီးမှူး ဦးမင်းမင်းဇော်နဲ့ လက်အောက်ဝန်ထမ်းတွေဟာ အဲဒီမြေယာနဲ့ပတ်သက်ပြီး မြေစာရင်းပုံစံ(၁၀၅)နဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)တို့ကို ၂၀၁၈ ခုနှစ်အတွင်း အသစ်ထပ်မံ ထုတ်ပေးတဲ့နေရာမှာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာမရှိတဲ့အပြင် အဲလိုအသစ်ထုတ်ပေးဖို့အတွက် မြေကွက်ပိုင်ရှင်တွေဆီက စုစုပေါင်းငွေကျပ်သိန်း ၆၃၀ ကို သုံးကြိမ်ခွဲပြီး တောင်းယူခဲ့ကြောင်း၊ မြို့နယ်ဦးစီးမှူး(အငြိမ်းစား) ဦးဦးကျော်ဝင်း ဟာလည်း အဲဒီဖြစ်စဉ်မှာ မြို့နယ်ရုံးမှာ မှတ်တမ်းထားရှိတဲ့ ပုံစံ(၇)မှာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးအနေနဲ့ လက်မှတ်ရေးထိုးပေးခဲ့တဲ့အတွက် အဂတိလိုက်စားမှု ကျူးလွန်ရာမှာ အားပေးကူညီ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

မြေယာအမှုတွေနဲ့ပတ်သက်ပြီး အဂတိကော်မရှင်ကို တိုင်ကြားတဲ့အခါမှာ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေထံကိုလည်း မိတ္တူတွေပေးပို့ကြတာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တိုင်ကြားသူကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အခုချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။

ဂွမြို့နယ်တစ်ခုထဲတင်မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးမှာ မြေစာရင်းဦးစီးဌာနတွေဘက်က မရိုးမသားလုပ်ထား တာတွေ အများကြီးရှိနေတယ်လို့ ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အမျိုးသား လွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးစိုးဝင်း က RFA ကို ပြောပါတယ်။

"အဲဒီမြေစာရင်းတွေဟာ ဒါတွေတင်မကဘူး၊ သူတို့လုပ်ထားတာတွေ အများကြီးရှိတယ်၊ ဂွရော၊ သံတွဲရော၊ တောင်ကုတ်ရော အကုန်နေရာစုံမှာ အဲဒီလူတွေ မရိုးမသား မသမာစွာ လုပ်ထားတာတွေ အများကြီးပဲဗျာ၊ မြေတစ်ကွက်ထဲမှာ ပုံစံ ၇ နှစ်ခုဖြတ်တာတွေက အစ၊ မြန်မာတစ်နိုင်ငံလုံးမှာ ဒီအတိုင်းပဲ "

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်လာပြီးနောက်ပိုင်း မြေသိမ်း၊ ယာသိမ်းအမှုတွေ၊ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ်ဆောင်ရွက်ဖို့ သွားရောက်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းခရီးစဉ်တွေမှာ အမြဲသတိပေး ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံ့အကြီးအကဲတွေသွားချင်တဲ့ အရွှေ့ကို ပြည်သူတွေလိုက်ဖို့အတွက် အကြောက်တရားတွေ ရှိနေကြတုန်းပဲလို့ ဂွမြို့နယ်က မြေယာအရေးတွေနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသူ ဦးစိုးနိုင် က ပြောပါတယ်။

"နိုင်ငံ့အကြီးအကဲတွေရဲ့အရွေ့ကို ပြည်သူတွေက ပါဝင်မှုအားနည်းနေတာပေါ့နော်၊ ပြည်သူတွေက အမှန်တရား ကို ဖော်ထုတ်ဖို့ကို အကြောက်တရားက ရှိနေသေးတယ်၊ အခုဖော်ပြီးသားကိစ္စတွေတောင် သူတို့မှာ အကြောက် တရားက လွှမ်းမိုးထားတော့ သူတို့မှာ တော်တော်ကြောက်နေကြပါတယ်"

ဂွမြို့နယ်ဘက်က မြေယာတွေဟာ တစ်ဧကကို ငွေကျပ်သိန်း ၇၀၀ လောက်ကနေ သိန်း ၂၀၀၀ ကျော်လောက်အထိ ပေါက်ဈေးရှိနေတယ်လို့လည်း ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

အဲဒါကြောင့် မြေယာအမှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ထံ တိုင်ကြားထားတဲ့အမှုတွေလည်း အများကြီး ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ဂွမြို့နယ်က မြေယာကိစ္စတွေမှာ အဂတိလိုက်စားမှု ကျူးလွန်တာနဲ့ ပတ်သက်ပြီး ကော်မရှင်ဘက်က အမှုဖွင့်အရေးယူတာ ဒီတစ်ကြိမ်က ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။