အထူးအခွင့်အရေးရုပ်သိမ်းဖို့ EU စဉ်းစားချက် အလုပ်သမားအဖွဲ့တွေကန့်ကွက်
2018.10.29

မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး GSP ပြန်ရုပ်သိမ်းဖို့ စဉ်းစားချက်ကို အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ကန့်ကွက်လိုက်ပါတယ်။
ဥရောပသမဂ္ဂက စေလွှတ်လိုက်တဲ့ နိုင်ငံတကာရေးရာအဖွဲ့၊ ကုန်သွယ်ရေးရာအဖွဲ့တို့နဲ့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၃ ဖွဲ့ ဒီနေ့မနက်က တေ့ွဆုံရာမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပေါ် အနုတ်လက္ခဏာဖြစ်စေနိုင်တာကြောင့် ဥရောပသမဂ္ဂရဲ့ စီးပွားရေးအထူးအခွင့်အရေး ပြန်ရုပ်သိမ်းဖို့ စဉ်းစားချက်ကို ကန့်ကွက်ခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။
အီးယူကော်မရှင်အဖွဲ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS) ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) တို့နဲ့ တေ့ွဆုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ဒီအပေါ်မှာ မြန်မာအစိုးရက စုံစမ်းစစ်ဆေးအရေးယူမှုတွေ မရှိလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဥရောပသမဂ္ဂအကြီးအကဲက မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတယ်လို့ ဒီလဆန်းလောက်က ပြောကြားခဲ့ပြီးနောက် အခုလိုလာရောက် လေ့လာတာဖြစ်ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကိုသာ ပစ်မှတ်ထား အရေးယူလုပ်ဆောင်သင့်ကြောင်း၊ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရပြီး အကြမ်းဖက်ခံနေရတာတွေ လျော့ကျစေဖို့ ဆောင်ရွက်ပေးစေလိုကြောင်း၊ အစိုးရရဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို အကာအကွယ်ပေးမှု အားနည်း နေတာတွေကို ဒီခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူတွေကိုထောက်ပြပေးစေလိုကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ Action Labour Rights အဖွဲ့က ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားပါတယ်။
အီးယူကော်မရှင်က စေလွှတ်တဲ့ နိုင်ငံတကာရေးရာအဖွဲ့နဲ့ ကုန်သွယ်ရေးရာအဖွဲ့ဟာ မြန်မာနိုင်ငံကို မနေ့က ရောက်ရှိလာတာဖြစ်ပါတယ်။