ဝန်ကြီး ဦးကျော်ဝင်း ကို စစ်ဆေးတွေ့ရှိချက် သမ္မတထံတင်မည်


2018.05.23
kyawwin-minister-622.jpeg စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း ကို ၂၀၁၇ ဇွန်လ ၆ ရက်နေ့ကတွေ့ရစဉ်
Photo: RFA

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်က စစ်ဆေးနေတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ စစ်ဆေးမှုပြီးသလောက်ရှိနေပြီလို့ ကော်မရှင် ဥက္ကဌ က ဒီနေ့ အတည်ပြုပြောပါတယ်။

ဝန်ကြီး ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး မကြာခင်မှာ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဌတို့ထံ အစီရင်ခံစာတင် သွားမယ်လို့ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင် ဥက္ကဌ ဦးအောင်ကြည် က ပြောပါတယ်။

"အဲဒီကိစ္စက ပြီးသလောက်ဖြစ်နေပါပြီ၊ ဒါအမြန်ဆုံး ကျနော်တို့လုပ်တာ၊ ကျနော်တို့ဆီကိုရောက်လာတဲ့ တိုင်ကြား စာက ၃ ရက်နေ့မှာရောက်တယ်၊ ကျနော်တို့ ၇ ရက်နေ့မှာ အဖွဲ့ဖွဲ့တယ်၊ ပြီးတာနဲ့ ကျနော်တို့အမြန်ဆုံးစစ်တယ်၊ ခုနကပြောသလို သက်သေတွေစစ်ရတာရှိတယ်၊ စာရွက်စာတမ်းတွေကြည့်ရတာတွေရှိတယ်၊ အဲဒါတွေပြီး သလောက်ဖြစ်နေပြီ၊ မကြာခင်မှာ ကျနော်တို့ ပထမဦးဆုံးလုပ်ရမယ့်ကိစ္စက နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဌတွေဆီ ကျနော်တို့ အစီရင်ခံစာ တင်ရမယ်၊ အဲဒါကို စောလျင်စွာတင်နိုင်ဖို့ ကျနော်တို့ အပြင်းအထန်ကြိုးစားနေပါတယ်"

ပြီးခဲ့တဲ့တစ်ပတ်လောက်မှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းရဲ့နေအိမ်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) က ဝင်ရောက်ရှာဖွေစစ်ဆေးပြီး ဦးကျော်ဝင်းနဲ့ သားဖြစ်သူကို ခေါ်ယူစစ်ဆေးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဦးကျော်ဝင်းဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်ပါတယ်။

ကိုယ်စားလှယ်အဖြစ်ကနေ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရချိန်မှာလည်း ဒေါက်တာဘွဲ့လက်မှတ်နဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဦးကျော်ဝင်းဟာ ပြည်ထောင်စုဝန်ကြီးတာဝန်ကနေ နှုတ်ထွက်စာတင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ရောက်ရှိလာတဲ့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမဆို ခွဲခြားမှုမရှိဘဲ စစ်ဆေးတာဖြစ်တယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။